ဘာဖြစ်ချင်လဲ?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီစာကိုရေးချင်စိတ်ပေါက်သွားတာက အခုခေတ်လူငယ်တွေရော လူကြီးတွေပါ အတွေးလေးတစ်ခုလောက် ၀င်စေချင်လို့ပဲဖြစ်ပါတယ်။ ရေးမယ်လို့ စိတ်ကူးတုံးကတော့ စိတ်ခွန်အားဖြစ်စေတဲ့စာစုလေးတွေကိုပဲ တင်ဖို့ စိတ်ကူးမိပေမယ့် ပြည့်ပြည့်စုံစုံဖတ်စေလိုတဲ့စိတ်ပေါ်လာတာနဲ့ တတ်နိုင်သလောက်ပြည့်စုံအောင်ရေးတင်လိုက် ပါတယ်။ အနည်းငယ်အလွဲအချော်လေးတွေ ပါခဲ့ရင်တော့ ခွင့်လွှတ်ကြပေါ့ဗျာ။ မကြာခဏ ကျွန်တော်ရေးတင်ခဲ့ ဘူးသလို နေ့စဉ် စာတွေရေးနေဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စဖြစ်လေတော့ မျက်စိတွေ နားတွေကို အလုပ်ပေးနိုင်ပါမှ စာတစ်ပုဒ်အတွက် ကုန်ကြမ်းရနိုင်တာမျိုးဖြစ်ပါတယ်။ ဒီစာကတော့ အိန္ဒိယနိုင်ငံရဲ့ ကျေးရွာက ကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့် အဖြစ်အပျက်လေးတစ်ခုကို အခြေခံဖော်ပြပြီး ရေးမှာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်လေးကို ဖတ်ရူမိတဲ့အခါ ဘယ်လို ခံစားချက်မျိုးကို ခံစားမိသလဲဆိုတာလည်း သိချင်သေးသဗျာ။ ဖြစ်နိုင်ရင် မှတ်ချက်လေးပေးသွားစေချင်ပါတယ်။ ဒီအဖြစ်အပျက်ကလေးက အိန္ဒိယနိုင်ငံရဲ့ (၁၁)ဆက်မြောက် သမတဖြစ်တဲ့ အဗ္ဗဒူကလမ်(Abdual Kalam) တိုင်းခန်းလှည့်လည်စဉ်မှာ မှတ်မှတ်သားသား အဖြစ်အပျက်တစ်ခုလို့ ဆိုနိုင်မယ်ထင်ပါတယ်။ အဗ္ဗဒူကလမ်(Abdual Kalam)ဟာ အတွေးအခေါ်နဲ့ပတ်သက် တာတွေအတော်များများကိုလည်း မိန့်ကြားထားခဲ့တယ်ဆိုတာ Google ခေါက်ရှာမယ်ဆိုရင် တွေ့နိုင်ပါတယ်။ စာတွေဆိုတာ ကောင်းမွန်တဲ့လမ်းကြောင်းကို ဖော်ပြတာများမယ်ထင်ပါတယ်။ မကောင်းတဲ့စာတွေလည်းရှိနေ လို့ အခုလိုပြောတာပါ။ စာထဲကအတိုင်း လိုက်နာဖို့ ခက်ခဲတယ်လို့လည်း အချို့လူတွေက ပြောကြပါတယ်။ တကယ်တော့ လိုက်နာဖို့က ခက်ခဲနေတာမဟုတ်ပဲ မလိုက်နာနိုင်တာက ခက်ခဲနေတာပဲဖြစ်မယ်ထင်ပါတယ်။ အဖြစ်အပျက်ကလေးကို အောက်မှာ ဖတ်ကြည့်ကြစေချင်ပါတယ်။
အဗ္ဗဒူကလမ်(Abdual Kalam) က ထုံးစံအတိုင်း အိန္ဒိယပြည်ကြီးကို တိုင်းခန်းလှည့်လှည်နေရာမှာ တစ်ခါတော့ ရွာမဟုတ် မြို့မဟုတ် တည်ရှိနေတဲ့ စာသင်ကျောင်းလေးတစ်ကျောင်းကို ရောက်ရှိနေပါတယ်။ ကိုးလို့ကန့်လန့် အနေထားဖြစ်နေတဲ့ ရွာတွေ မြို့တွေမှာ ဖြစ်နေကျအတိုင်း အမိုး အကာတွေပျက်စီးနေတဲ့ ကျောင်းဆောင်ငယ် တွေမှာ ယိုင်နဲ့နဲ့ စာသင်ခုံတွေ၊ ထိုင်ခုံတွေ၊ ဆေးရောင်တွေပျက်ပြယ်နေတဲ့ ကျောက်သင်ပုန်းကြီးနဲ့ နွမ်းဖတ်နေတဲ့ အ၀တ်အစားလေးတွေ ၀တ်ဆင်ပြီး စာသင်နေကြရတဲ့ အလွန် ဆင်းရဲလှတဲ့ မြို့မကျ ရွာမဟုတ် ကျောင်းလေးတစ်ကျောင်းပဲဖြစ်ပါတယ်။ ဒီ သမတ အဗ္ဗဒူကလမ်(Abdual Kalam)က စာသင်ပေးရတာကို ၀ါသနာပါတာလား ကျောင်းဆရာက သမတဖြစ်လာတာလားတော့ မသိပါ။ ကလေးတွေကို စာသင်ကြားပေး ပါတယ်တဲ့။ အဗ္ဗဒူကလမ်(Abdual Kalam) ကစာသင်တဲ့နေရာမှာ အသင်အပြလည်းကောင်း၊ ပုံတိုပတ်စလေး တွေလည်းပြောတတ်ပြီး ရယ်စရာတွေကိုပါ ထည့်သွင်းပြောတဲ့အတွက် ကလေးတွေဟာ အတော်ကို သဘောကျနှစ်ခြိုက်ကြပါသတဲ့။ စာတွေသင်ကြားပေးရင်းနဲ့ စာသင်ချိန်ပြည့်လုလုအချိန်မှာတော့ အဗ္ဗဒူကလမ် (Abdual Kalam)က သူ့ထုံးစံအတိုင်း စာသင်ခန်းထဲက ကလေးငယ်တွေကို လူအများစု မေးလေ့မေးထရှိတဲ့ မေးခွန်း တစ်ခုကို မေးပါသတဲ့။ အဲဒီမေးခွန်းကတော့ မင်းတို့ ကြီးလာရင် ဘာဖြစ်ချင်လဲ ဆိုတဲ့ မေးခွန်းလေးပါပဲ။ ဒီမေးခွန်းကို ကျွန်တော်တို့လည်း အတော်များများ အသုံးပြုခဲ့ကြပါတယ်။ လူတိုင်းနီးပါးလည်း မေးခဲ့ဘူးမယ်လို့ထင်ပါတယ်။ မေးခွန်းကတော့ အထူးအဆန်းမဟုတ်ပါဘူး။ အဖြေတွေကသာ အမျိုးမျိုးဖြစ်နေ မှာပါ။
ကလေးငယ်ကျောင်းသူ ကျောင်းသားလေးတွေကို တစ်ယောက်ချင်းစီ မတ်တပ်ရပ်ပြီး ဖြေစေခဲ့တဲ့အခါမှာ ထုံးစံအတိုင်း အဖြေတွေကတော့ အမျိုးမျိုး ကွဲလွဲနေမှာအသေအချာပါပဲ။ နောက်ပြီးတော့ အဗ္ဗဒူကလမ်(Abdual Kalam) ဟာ ရင်းနှီးစရာ ဖြစ်နေတဲ့အတွက် ကလေးတိုင်းက သူ့ရဲ့ မေးခွန်းကို ဖြေဆိုချင်နေကြပါတယ်။ ဖြေဆိုချင်ကြတဲ့အတွက်လည်း ခေါင်းလေးတွေထောင်မတ်နေကြတယ်။ ဒီနေရာမှာ အဗ္ဗဒူကလမ်(Abdual Kalam) က ထူးဆန်းတဲ့ ကလေးမလေးတစ်ယောက်ကို လှမ်းမြင်လိုက်ရတယ်။ သူများတွေ ခေါင်းတထောင်ထောင်ဖြစ်နေပေမယ့် အဲဒီကလေးမလေးကတော့ ခေါင်းငုံ့ပြီး ၀ှက်ထားတာကို တွေ့ရသတဲ့။ အဗ္ဗဒူကလမ်(Abdual Kalam) က ခေါင်းငုံ့ထားတဲ့ ကလေးမလေးဆီကို ကျောင်းသား ကျောင်းသူများကြားကနေ ဖြတ်လျှောက်သွားပါသတဲ့။ အဗ္ဗဒူကလမ်(Abdual Kalam)ရဲ့ အမြင်မှာ အခြား ကျောင်းသားကျောင်းသူတွေနဲ့ မတူပဲ စိတ်အားငယ်ပြီး မ၀ံ့မရဲဖြစ်နေပုံပေါက်နေပါတယ်။ ဒါကြောင့်လည်း အဲဒီ ခေါင်းငုံ့ထားတဲ့ ကလေးမလေးဆီကို လျှောက်သွားပြီး အားပေးလိုတဲ့သဘောလည်း ပါမယ်လို့ထင်ပါတယ်။ ကျောင်းသူလေးက ကျွန်တော်တို့ဆီမှာလို သနပ်ခါးအဖွေးသားနဲ့ ကျောင်းတက်နေနိုင်တဲ့အရပ်ဒေသ မဟုတ်လေတော့ သာမန်ဆင်းရဲသားကလေးများအတိုင်း အ၀တ်အစားကလည်း မဲညစ်ညစ် အသားအရေကလည်း မဲညစ်ညစ်နဲ့ပဲဖြစ်ပါတယ်။ အဗ္ဗဒူကလမ်(Abdual Kalam)က အဲဒီကျောင်းသူလေးကို သူ့မေးခွန်းကို မေးလိုက်ပါတယ်။ သမီး အသက်အရွယ်ကြီးလာတဲ့အခါ ဘာဖြစ်ချင်သလဲ။ သမီးရဲ့ ရည်ရွယ်ချက်က ဘာလဲ ဒီတော့ ကျောင်းသူ ကလေးမက အဗ္ဗဒူကလမ်(Abdual Kalam) မေးခွန်းကို မဖြေသေးပဲ မေးခွန်းတွေကို ပြန်မေးပါတယ်။ စိတ်ဝင်စားစရာကောင်းသလို အတုယူစရာကောင်းလှတယ်လို့ ထင်မြင်မိပါတယ်။ အဲဒီစကားလုံးတွေကြောင့်လည်း အခုစာတွေကို ကျွန်တော်ရေးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။ ကျောင်းသူလေးရဲ့ မေးခွန်း နဲ့ အဖြေတွေကိုအောက်မှာ ဖတ်ကြည့်စေချင်ပါတယ်။
ကျောင်းသူကလေး က အခု သမီးအသက် (၁၄)နှစ် ရှိပါပြီ လို့ပြောတော့ အဗ္ဗဒူကလမ်(Abdual Kalam)က “အေး ဟုတ်ပြီ… သမီး အသက်ကြီးလာရင် လာဖြစ်ချင်လဲ… ဘာလုပ်ချင်လဲ” လို့ ပြန်မေးတော့ “ဘဘက သမီးတို့ထက် အသက်အများကြီး ကြီးတယ်နော်” လို့ မေးခွန်းမေးနေပြန်ပါတယ်။ ဒီတော့ “ဟုတ်တာပေါ့… သမီးလေးက ဘာဖြစ်ချင်တာလဲ” လို့ ထပ်မေးတော့ “နောင် နှစ်ပေါင်း(၂၀) နှစ်ပေါင်း(၃၀) လောက်ဆိုရင် သမီးအသက်က (၄၀)ကျော်လောက်ပဲ ရှိဦးမှာမဟုတ်လား” မေးနေပြန်ပါတယ်။ “ဟုတ်ပါပြီ သမီးလေးရယ်… သမီးက အသက်ကြီးလာရင် ဘာဖြစ်ချင်သလဲ ဆိုတာပြောပါအုံး” လို့ ထပ်မေးရပြန်ပါတယ်။ ဒီတော့ ကျောင်းသူကလေးမလေးရဲ့ ထပ်မံ ပြောလိုက်တဲ့စကားကြောင့် ကလေးတွေက ရယ်မောကြပြီး ဆရာ ဆရာမတွေခမြာမှာတော့ မျက်နှာတွေပူသွားရပါတယ်။ ကျောင်းသူလေးပြောလိုက်တာက “နောင် နှစ်ပေါင်း(၂၀) နှစ်ပေါင်း(၃၀)ဆိုရင် ဘဘတို့က ဒီနိုင်ငံမှာ မရှိနိုင်တော့ဘူး… အကုန်သေကုန်ကြတော့မှာ” ဆရာ ဆရာမတွေ မျက်နှာမပူနေနိုင်မလား။ သမတကို သွားပြီး သေမယ်ပြောသလိုဖြစ်နေတယ်မဟုတ်လား။ အဗ္ဗဒူကလမ်(Abdual Kalam)လည်း “သမီးလေး ကြီးလာရင် ဘာဖြစ်ချင်သလဲ ဆိုတာကို ခုချိန်ထိ မပြောသေးဘူးနော်” လို့ ထပ်မေးလိုက်တော့ ကျောင်းသူလေးရဲ့ အဖြေက အများသူငါ ဖြေနေကျ အဖြေမျိုး မဟုတ်ပဲ ထူးဆန်းနေလို့လည်း ဒီစာတွေဖြစ်လာရတာပါပဲ။ ကျောင်းသူလေးပြောလိုက်တာက “ဟုတ်ကဲ့ ဘဘရှင့်… သမီးဖြစ်ချင်တာက တစ်ခုတည်းပဲ ရှိပါတယ်” တဲ့။ “ဟုတ်ပြီ… အဲဒါက ဘာများလဲကွယ်” လို့ ထပ်မေးလိုက်တော့ ...
“နောင် နှစ်ပေါင်း(၂၅)နှစ်လောက်ကြာတဲ့အခါမှာ ဘဘတို့က မရှိနိုင်တော့ဘူး… သမီးတို့ကတော့ ဒီနိုင်ငံကြီးမှာ ရှိနေကြဦးမှာ… နောက်ထပ် (၂၅)နှစ်လောက်ကြာရင် သမီးတို့နေတဲ့ ဟောဒီ အိန္ဒိယနိုင်ငံကြီးကို အမေရိကန်နိုင်ငံထက် သာလွန်တဲ့ နိုင်ငံကြီး ဖြစ်ချင်ပါတယ် ဘဘရှင့်”
အဲဒီ ဆင်းရဲသား ကျောင်းသူလေးတစ်ယောက်ရဲ့ အဖြေကြောင့် အိန္ဒိယနိုင်ငံရဲ့ (၁၁)ဆက်မြောက် သမတကြီး အဗ္ဗဒူကလမ်(Abdual Kalam)ဟာ အလွန်လန့်သွားရပါတယ်တဲ့။ အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲသား ကျောင်းသူလေး တစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒက အဲဒီလိုဆိုခဲ့ပါတယ်။ ချမ်းသာချင်တယ်၊ ဆရာဝန်ကြီးဖြစ်ချင်တယ်၊ အင်ဂျင်နီယာကြီးဖြစ်ချင်တယ်ဆိုတဲ့ တစ်ကိုယ်ရေကိုယ်ကျိုးပါတဲ့ သာမန်အဖြေမျိုးမဟုတ်ပဲ သူ့တစ်ကိုယ်ရေ ကောင်းစားရေး မဟုတ်ခဲ့တာကြားရတော့ ကြက်သီးတဖျန်းဖျန်းတောင် ထမိပါရဲ့ဗျာ။ နောင်နှစ်ပေါင်း(၂၅)နှစ် ကြာခဲ့ရင်တဲ့ဗျာ။ ကျွန်တော်တို့လည်း နောင်နှစ်ပေါင်း(၂၅)နှစ်ကြာရင် မြန်မာနိုင်ငံကြီးမှာ ရှိမယ် မရှိဘူး မသေချာပါဘူး။ နောက်ကျန်ရစ်ခဲ့မယ့် မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့တစ်တွေ အမေရိကန်ကိုတောင် ကျော်သွားစေနိုင်တဲ့အရာမျိုး ဒါမှမဟုတ် အနည်းဆုံး မျိုးဆက်သစ်လေးတွေ ကောင်းကောင်းရပ်တည်စေနိုင် မယ့်အရာမျိုးတွေ ဖန်တီးပေးနိုင်ခဲ့ပြီလားဆိုတာတော့ ကျွန်တော်အတွက်တော့ မသေချာ မရောရာဘူးဆိုတာ ရေးသားရင်းနဲ့ ရပ်နားလိုက်ပါတယ်။
(၀န်ခံချက် - ဆရာဦးဘုန်း(ဓာတု)၏ နောက်ထပ်(၂၅)နှစ်ကြာရင် ဆောင်းပါးအား မှီငြမ်းရေးသားပါသည်။)
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
20-6-2019 ကြာသပတေးနေ့(Thursday)