ဘာလဲဟဲ့ Game

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Game copy.png


Game ကိုဘာလို့ လူတွေ စွဲစွဲလမ်းလမ်းနဲ့ ကစားနေကြတာလဲ။ တကယ်လည်း Game ဆိုတာကို သွားစမိရင် လူကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ်၊ ကလေးပဲဖြစ်ဖြစ် စွဲလမ်းစေတတ်တာအမှန်ပါ။ Game ကိုဘယ်နိုင်ငံ၊ ဘယ်လူမျိုးကစတင်တီထွင်ခဲ့သလဲတော့ မသိဘူး။ Game ကိုစတင်တီထွင်သူတွေကိုတော့ ချီးကျူးမိပါတယ်။ လူ့သဘော၊ လူ့သဘာဝကို သေသေချာချာ လေ့လာပြီးတော့ တီထွင် ထုတ်လုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ လူတို့ရဲ့ သဘာဝကိုက သာမန်အားဖြင့် အရှုံးပေးလိုစိတ်မရှိတတ်မရှိပါဘူး။ အဲဒီ အရှုံးမပေးချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ အတွက် လူအများက Game ဆိုတာကို စွဲလမ်းစိတ်ဖြစ်လာတာပဲဖြစ်ပါတယ်။ ဒါကလည်း ခံစားချက်ပါမှသာ စွဲလမ်းစိတ်ဖြစ်မယ်ထင်တယ်။ ခံစားချက်မပါရင် Game ကိုစွဲလမ်းမှာမဟုတ်ဘူးဗျ။ ခံစားချက်တစ်ခုခုကို ပေးစွမ်းနိုင်လို့သာ လူတွေက စွဲလမ်းစိတ်ဖြစ်လာတယ်လို့လည်းထင်တယ်။ Game မှမဟုတ်ပါဘူး။ အခြားအရာ တွေမှလည်းအတူတူပဲလို့ထင်ပါတယ်။ စွဲလမ်းစေတယ်ဆိုတာက ခံစားချက် တစ်ခုခုကို ပေးနိုင်လို့သာ စွဲလမ်းလာတာပဲဖြစ်မယ်။ ဒီအကြောင်းကို Game စတင်တီထွင်ကြတဲ့သူတွေက ဆွဲကိုင်ပြီး ထုတ်လုပ်လာတာ ဖြစ်တဲ့အတွက် Game ဆိုတာက လူတွေ စွဲလမ်းသွားစေပါတယ်။ ဒါက ကျွန်တော့်အမြင်သာဖြစ်တဲ့အတွက် မှန်ချင်လည်း မှန်နိုင်မယ်။ မမှန်ချင်လည်း မမှန်ဘူးပေါ့။ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေတာပါပဲ။ တကယ်တော့ စွဲလမ်းတယ်ဆိုတဲ့နေရာမှ အလွန်အကျွံ စွဲလမ်းတာတော့ ဘယ်နေရာမှာမှ မကောင်းပါဘူး။ အလွန်အကျွံစွဲလမ်းခြင်းရဲ့ နောက်ဆက်တွဲတွေက ဆိုးကျိုးတွေကိုသာ ပေးတတ်ကြတယ်လို့လည်း ထင်မိပါ တယ်။


Game copy 1.png


Game ကစားရင် ကိုယ်တိုင် လှုပ်ရှားမှုလေးတွေပါမှ စိတ်ဝင်စားကြတယ်။ ဒါမှလည်း သဲထိတ်ရင်ဖို ဆန်တယ်လို့ထင်တာပဲ။ သူများတွေတော့ ဘယ်လိုယူဆတယ်မသိပါဘူး။ Game ဟေ့ဆိုတာနဲ့ စိတ်လှုပ်ရှားစရာ ကောင်းမယ်လို့ လူတိုင်းက မှတ်ယူပြီးသားပဲ။ စိတ်လှုပ်ရှားစရာ တစ်စုံတစ်ခု မပါပဲနဲ့ စိတ်ခံစားချက် တစ်စုံတစ်ခု မပေးစွမ်းနိုင်ပဲနဲတော့ အဲဒီ Game ဆိုတာကြီးကို စိတ်ဝင်တစ်စား ကစားကြ လိမ့်မယ် မဟုတ်ဘူး။ ဒီတော့ Game ဆိုတိုင်းကစား ကြတာမဟုတ်ဘူးပေါ့။ ဘာမှ မမြင်ရပဲနဲ့ အကောင်တွေ ထိုင်ထုတ်၊ ဘာမှ မမြင်ရဘဲနဲ့ သူများတွေကို သွားတိုက် လုပ်နေရတာက Game လို့ ဆိုနိုင်ဖို့က ခက်သား ကလားဗျာ။ Game ဆိုတာက စိတ်လှုပ်ရှားရလို့ ပိုပြီး စိတ်ဝင်စားကြတာဖြစ်လိမ့်မယ်။ ဘာမှ မလုပ်ရပဲ ခလုတ်ကလေးနှိပ်ပြီး ထိုင်နေရတဲ့ ဂိမ်းဆိုရင် သာမန်အားဖြင့် ဘယ်သူမှ ကစားကြလိမ့်မယ်မဟုတ်ဘူး လို့ထင်တယ်။ မိတ်ဆွေတို့ရော အဲဒီလို ဘာမှမလုပ်ပဲနဲ့ ခလုတ်ကလေးနှိပ်ပြီး ထိုင်ကြည့်နေရတဲ့ ဂိမ်းဆိုရင် ကစားကြပါ့မလား။ ခုတော့ကစားနေပါတယ်လို့ဆိုရမှာပဲ။ Game ကိုစိတ်ဝင်စားလို့တော့မဟုတ်ဘူး။ Steem ရမယ်ဆိုလို့ပဲဖြစ်ပါတယ်။ Game ကစားတယ်ဆိုတာက သူရဲကားကြိုက်လို့ကြည့်တာနဲ့များတူနေမယ် ထင်တယ်။ သရဲကားကြိုက်လို့ သရဲကားကြည့်တာ ဟာသတွေ ရယ်စရာတွေပဲဖြစ်နေမယ်ဆိုရင် အဲဒီသရဲကား ကို ကြိုက်မှာမဟုတ်ဘူး။ သရဲကားကို ဘာကြောင့်ကြိုက်သလဲဆို ကြောက်ရွံရလို့၊ ထိတ်လန့်တုန်လှုပ်ရလို့ ကြည့်ကြတာ။ မကြောက်ရွံ့ရ၊ မထိတ်လန့်ရ၊ မတုန်လှုပ်ရဘူးဆိုရင် သေချာပါတယ်။ အဲဒီသရဲကားကို သူရဲကား ကြိုက်သူတွေအနေနဲ့ ကြိုက်လိမ့်မယ်မဟုတ်ဘူး။ သရဲကားကြိုက်တဲ့သူတွေက အဲဒီ ကြောက်ရွံ့ရ၊ ထိတ်လန့်ရ၊ တုန်လှုပ်ရတာကို စွဲလမ်းနေတဲ့အတွက် မထိတ်လန့်၊ မကြောက်ရွံ့၊ မတုန်လှုပ်ရရင် မကြိုက်တာပဲဖြစ်သလို အဲဒီလိုခံစားရတဲ့ ခံစားချက်တွေကို စွဲလမ်းနေကြတာပဲဖြစ်ပါမယ်။


Game copy 2.png


အဲဒီလို စွဲလမ်းစေတတ်တဲ့လူတွေရဲ့သဘာဝကို Game တီထွင်ကြတဲ့သူတွေက နားလည်ပြီး ထုတ်လုပ်ထား တာ ဖြစ်လို့ Game တွေကို စွဲလမ်းသွားကြတာပဲဖြစ်မယ်ထင်တယ်။ တနည်းအားဖြင့်ဆိုရင် ခံစားချက်လေးကို ကြိုက်သွားတယ်လို့ဆိုရမယ်။ နောက်တစ်ခုက Game ကစားတယ်ဆိုတာက အလုပ်တစ်ခုကို ပြီးမြောက် အောင်မြင်အောင်ခိုင်းတဲ့သဘောပဲ။ ခိုင်းတဲ့အလုပ် အောင်မြင်ရင် အခန်းတစ်ခု ဒါမှမဟုတ် ကဏ္ဍတစ်ခုအောင် မြင်တာဖြစ်တဲ့အတွက် ဘာလို့မလုပ်နိုင်ရမှာလဲ၊ ဘာလို့ မအောင်မြင်နိုင်ရမှာလဲ ဆိုတဲ့စိတ်ကို နှိုးဆွပေးတာလဲ ဖြစ်ပါတယ်။ မခံချင်စိတ်လို့ပဲ ပြောရမှာပဲ။ ဟိုးအရင်ခေတ်ကာလတွေတုံးကတော့ Game ဆိုတာက အဆုံးသတ်ရှိခဲ့ကြတယ်။ ခုခေတ်လို Internet နဲ့ ကစားရတာမျိုးတွေလည်း မရှိဘူး။ ဒီတော့ Game တစ်ခုဟာ အကြိမ်ကြိမ် နေ့စဉ် နေ့တိုင်းကစားတဲ့အတွက် တစ်ချိန်ချိန်မှာတော့ Game ကတော့ပြီးဆုံးအောင်မြင်ခြင်းကို ရောက်သွားခဲ့တာပဲ။ အခုခေတ်ကာလ လူငယ် လူလတ် လူကြီး ကလေး အရွယ်စုံ ဆိုဒ်စုံ ကစားနေတတ်ကြတဲ့ Internet Game တွေကတော့ အောင်မြင်ပေမယ့် Game ကတော့ ပြီးဆုံးခြင်း မရှိကြတော့တာ တွေ့ရပါတယ်။ COC, PUBG, Mobile Legend ဆိုတဲ့ Game တွေကိုကြည့်ပါ။ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ Game ဖြစ်တာကို မြင်ရပါလိမ့်မယ်။ မကြာခဏဆိုသလို Upgrade, Update ဆိုတာတွေက ပေါ်ပေါ်လာနေမြဲမဟုတ်လား။ ဒီတော့ အဲဒီလို Game တွေက ပြီးဆုံးခြင်းမရှိတဲ့အတွက် သားစဉ် မြေးဆက် လက်ဆင့်ကမ်းအမွေပေးပြီးသား ကစား ကြပေတော့။ ဒီအမွေလေးတော့ ပေးထားနိုင်ခဲ့ပါတယ်ပေါ့လေ။ ဖိုးဖိုးတို့ ဖွားဖွားတို့ ဖေဖေ မေမေတို့ရဲ့ လက်ငုပ် လက်ရင်းဖြစ်တဲ့ ဒီ Game လေးတွေကိုဆက်ကစားကြပါလို့ အားရပါးရ ပြောကြရုံပေါ့။


Game copy 3.png


အခု ကျွန်တော်တို့တစ်တွေ Game ကစားတယ်ဆိုပြီးတော့ DrugWars, NextColony တို့လို Game တွေကို ဘာလို့ကစားနေကြသလဲလို့ အဖြေရှာကြည့်တော့ Steem ရမယ်ဆိုလို့သာ Game ကစားနေကြတာပဲဖြစ်မယ်။ ကျွန်တော်တို့လိုချင်တာက Steem ကိုးဗျ။ တကယ်တော့ Game ကစားချင်လို့မှမဟုတ်တာပဲ။ ဒါကိုတော့ ကျွန်တော်တို့ ၀န်ခံရမှာပဲ။ Steem မရတော့ဘူးဆိုတဲ့နေ့ အဲဒီကစားနေပါတယ်ဆိုတဲ့ Game တွေဖြစ်တဲ့ DrugWars တွေ NextColony တွေလာမပြောနဲ့ ဘာ Game မှကစားတော့မှာမဟုတ်ဘူး။ ဒါက အလွန်သေချာပါတယ်။ Game အလွန်စိတ်ဝင်စားတဲ့သူတွေတော့မသိဘူး။ အပေါ်မှာရေးခဲ့သလို စိတ်လှုပ်ရှား စရာမကောင်းသလို စိတ်ဝင်စားမှုနည်းတယ်လို့ ထင်မိတယ်။ တကယ်လည်း စိတ်ဝင်စားမှုနည်းပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘာမှ မမြင်ရဘဲနဲ့ ရမ်းသမ်း တိုက်ပွဲထွက်တယ်ဖြစ်နေသလို တိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲပြီး ဟိုကောင်ဒီလာ ဒီအကောင်ကတော့ ဟိုနေရာသွားဆိုပြီး လုပ်လို့ မရသေးဘူးကိုး။ အဲဒီလို ကိုယ်တိုင်ကိုယ်ကျ ကိုယ့်တိုက်ပွဲကို စီမံခန့်ခွဲပြီးတိုက်ရပြီဆိုရင်၊ စိတ်လှုပ်ရှားစရာ လေးတွေများလာပြီဆိုရင်တော့ ဆော့ပါ ဆော့ပါ ပြောဖို့မလိုပါဘူး။ အလုအယက်ကစားကြ မယ်လို့ထင်ပါ တယ်။ ကဲ ကဲ ဘာမဟုတ် ညာမဟုတ် ကျွန်တော့်ရဲ့ Game ကိုဘာလို့ ကစားတာလဲဆိုတဲ့အဖြေကတော့ ဒီလောက်နဲ့ပဲ ရပ်ရမယ်။ ဆက်ပြောရင်လည်း ဘာမှ သိတာမရှိတော့လို့ပါပဲ။ နောက်ဆုံးရေးလိုတာက အခြားသူတွေကတော့ ကျွန်တော်အနေနဲ့ကတော့ ဘာ့ကြောင့် DrugWars တို့ NextColony တို့ကိုကစားနေ သလဲဆိုရင် Steem တွေ လိုချင်လို့သာ ဖြစ်ပါကြောင်း ၀န်ခံရေးသားရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

29-5-2019 ဗုဒ္ဓဟူးနေ့(Wednesday)