ဘာကြောင့်ဒါကိုလုပ်နေတာလဲ?(Why Are You Doing?)
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
စာမရေးဖြစ်တာအတော်ကြာသွားခဲ့ပြန်ပါပြီ။ စာရေးဖို့စာကူးပေါ်တိုင်း ချရေးမိပေမယ့် မပြီးခင်မှာအလုပ်ထထ လုပ်နေရလေတော့ ပို့စ်မတင်နိုင်ဖြစ်နေခဲ့တာ ရက်အနည်းငယ်တော့ကြာသွားပါတယ်။ အခုရေးလိုတာကတော့ အပေါ်မှာ ခေါင်းစဉ်တပ်ထားသလို ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးမေးကြည့်စေချင်တဲ့မေးခွန်းလေးပါပဲ။ ငွေကြေးချမ်းသာသူ ဒါမှမဟုတ် အောင်မြင်နေသူ နဲ့ ငွေကြေးဆင်းရဲနေသူ ဒါမှမဟုတ် မအောင်မမြင်ဖြစ်နေသူတွေရဲ့ကွာခြားချက်က ဘာများ ဖြစ်နိုင်မလဲလို့စဉ်းစားကြည့်ကြရအောင်ဗျာ။ သူတို့တွေရဲ့ အဓိကကွာခြားချက်ကတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ မဟုတ်ပဲနဲ့ သူတို့ရဲ့ အတွေးအခေါ် ယူဆချက်တွေ အလွန်ကွဲပြားခြားနားကြလို့ဖြစ်ပါတယ်။ Why Are You Doing? ဘာကြောင့်ဒါကိုလုပ်နေတာလဲ? ဒီမေးခွန်းက အောင်မြင်ချမ်းသာချင်တဲ့သူတွေအတွက် အရေးပါတဲ့မေးခွန်း တစ်ခုဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ ဘာလို့ဒါကိုလုပ်နေမှန်းမသိရင်တော့ ဘဝမှာ ပဲ့မရှိတဲ့လှေလိုပဲ မျောချင်ရာ မျောပါနေပြီးတော့ ရောက်ချင်ရာရောက်နေမှာအမှန်ပါပဲ။ အောင်မြင်လိုသူတစ်ယောက်အတွက်ကတော့ ပဲ့ထိန်း ရှိဖို့လိုအပ်မှာပါ။ ပဲ့ထိန်းရှိမှ ကိုယ်ရောက်လိုရာခရီးကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ အောင်မြင်ချင်သူတစ်ယောက် အတွက်တော့ ဒီမေးခွန်းကိုဖြေကိုဖြေရပါလိမ့်မယ်။ အလုပ်တစ်ခုကို ဘာလို့လုပ်နေတာလဲဆိုတာကိုမသိရင် အောင်မြင်ဖို့မလွယ်ကူပါဘူး။ ပစ်မှတ်တစ်ခုရှိမှ အချိန်တစ်ချိန်မှာ ပစ်မှတ်ကို ထိအောင်ပစ်နိုင်ပါလိမ့်မယ်။ မှန်ချင်ရာမှန်ဆိုပြီးပစ်နေရင် ကိုယ်လိုချင်တဲ့ပစ်မှတ်ကိုတော့ထိမှာမဟုတ်တာကလည်းသေချာပါတယ်။ ဥပမာအားဖြင့်ဆိုရင် စာအုပ်တစ်အုပ်ကိုဖတ်တယ်ဆိုကြပါစို့။ ဘာကြောင့်အဲဒီစာအုပ်ကိုဖတ်တာလဲဆိုတာ ကိုယ်တိုင်သိမှဖြစ်မှာပါ။ စာအုပ်ဖတ်ပြီးတော့ မေ့ပျောက်ပစ်မယ်ဆိုရင်တော့ စာအုပ်ဖတ်တဲ့အတွက် ရလာမယ့် အကျိုးတရားကတော့ အချိန်ကုန် လူပမ်း မျက်စိမွဲသွားတာပဲဖြစ်မှာပေါ့။ ကျန်တဲ့အကျိုးတရားတော့ ရဖို့မမြင်ပါ။ အထက်ကမေးခွန်းကို မဖြေပဲတွေ့ရာ လျောက်လုပ်နေခြင်းက ချမ်းသာမှုတွေ အောင်မြင်မှုတွေနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ အလုပ်တစ်ခုကိုလုပ်ရတဲ့အကြောင်းရင်း ရှိသင့်သလို လုပ်ရတဲ့အကြောင်းရင်းကို သိမှ အကျိုးတရားကိုခန့်မှန်းနိုင်သလို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ ကျောင်းမှာထူးချွန်သူတွေကိုမေးကြည့်ရင် ဘာကြောင့်ထူးချွန်ချင်တာလဲ? ဆိုတာ သူတို့ကိုယ်တိုင် တိတိကျကျဖြေနိုင်လိမ့်မယ်မထင်ပါဘူး။ ဘာ့ကြောင့်ကျောင်းမှာထူးချွန်ချင်မှန်းကို လူအများစုကမသိကြပါဘူး။
အခုလိုအိုင်တီခေတ်ကြီးမှာ ဘယ်လိုအကြောင်းအရာကိုမဆို အင်တာနက်မှာ အလွယ်တကူ ရှာဖွေ ကြည့်ရှု လေ့လာနိုင်ပြီဆိုတာ အားလုံး သိထားကြပြီးဖြစ်ပါတယ်။ ဟုတ်ပြီ။ အင်တာနက်ထဲက နေအလွယ်တကူလေ့လာလို့ရတဲ့နည်းပညာတွေကို ကြည့်ပြီးဘာလုပ်မှာလဲဆိုတာတော့ လူတိုင်းစဉ်းစားကြလိမ့်မယ်မထင်ပါ။ Facebook, Youtube အခြား အခြားသော Website တွေကနေ ကိုယ့်အတွက်အကျိုးရှိစေနိုင်မယ့် ဗီဒီယိုတွေ လမ်းညွှန်ချက်တွေ နည်းလမ်းညွှန်ပြချက်တွေကို လေ့လာကြည့်ရှု ပြီးကြပြီဆိုကြပါစို့။ ကိုယ့်ရဲ့အချိန်တွေကုန် ငွေတွေအကုန်ခံ ကြည့်ကြတာ ဘာ့အတွက်ကြောင့်ပါလဲ? အသေအချာစဉ်းစားပြီး အသေအချာ အဖြေထုတ်သင့်လှပါတယ်။ အဲဒီကနေရတဲ့အရာတွေကို ကိုယ့်လုပ်ငန်း ကိုယ့်ဘဝအတွက် လက်တွေ့အကောင်အထည်ဖော် အသုံးမချပဲ ကြည့်ရှုတာဆိုရင်ဖြင့် မျက်စိကန်းတာသာ အဖတ်တင်သွားပါလိမ့်မယ်။ အကျိုးရှိစေမယ့်စာအုပ်တွေကိုဖတ် လမ်းညွှန်ချက်တွေကို မှတ်သားထားပြီးတော့ ဘာလုပ်သင့်ပါသလဲ? စီးပွားရေးသမား နဲ့ ဆင်းရဲသား အတွေးအခေါ်မတူညီတာက ခုခေတ်ကာလမှမဟုတ်တာကိုလည်း မြင်နိုင်ပါတယ်။ အောင်မြင်နေတဲ့စီးပွားရေး သမားတစ်ယောက်မွဲသွားရင်တောင်မှ သူ့နဂိုချမ်းသာခြင်းကို ပြန်ရအောင်လုပ်ပါလိမ့်မယ်။ ဆင်းရဲသားတစ်ယောက် ထီပေါက်လို့ ငွေအစုလိုက်အပြုံလိုက်ရလို့ ချမ်းသာသွားရကနေ ဒုံရင်းကိုပြန်ရောက်သွားလို့ကတော့ ဒုံရင်းကနေမတက်တော့ဘူး။ ဒုံရင်းမှာပဲနေသွားတော့တာပါပဲ။ အောင်မြင်နေတဲ့လူတွေဟာ အသေးအဖွဲလေးတွေအပေါ်မှာ စိတ်ရှုတ်မခံ အချိန်ကုန်မခံတတ်ကြပေမယ့် မအောင်မြင်သူအများစုကတော့ အသေးအဖွဲလေးတွေနဲ့သာအချိန်ကုန်နေတတ်ကြတာကိုလည်း မြင်တွေ့ရပါတယ်။ ဒီတော့ကာ ကျွန်တော်တို့အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်ဆိုရင်တော့ အောင်မြင်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေရဲ့နည်းစနစ်တွေအတိုင်း လုပ်ဆောင်မှဖြစ်ပါလိမ့်မယ်။ အောင်မြင်ချင်တယ်ဆိုပြီး မအောင်မြင်တဲ့သူတွေရဲ့အကျင့်စရိုက်နဲ့တော့ အောင်မြင်မှုရနိုင်လိမ့်မယ် မဟုတ်ကြောင်း ရေးသားလိုက်ရပါတယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် အထက်ကမေးခွန်းလေးဖြစ်တဲ့ Why are you doing? ဘာကြောင့်ဒါကိုလုပ်နေတာလဲ? ဆိုတာကို သိအောင်ကြိုးစားသင့်ပါကြောင်းအကြံပြုရေးသားရင်းနဲ့ ရပ်နားလိုက်ပါတယ်။