ဘာကွာသလဲ?
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လောကလူ့ဘောင်တွင် အများစုသောလူတို့သည် အသက်ရှင်နေထိုင်စဉ်ကာလအတွင်း အောင်မြင်လိုသည်။ ကြီးပွားချမ်းသာလိုသည်။ အေးချမ်းမှုကိုလိုချင်သည် စသည်စသည်ဖြင့် လိုချင်သောအရာတို့သည် များပြားလှ ပေသည်။ ထိုမျှများပြားသည်တို့ကိုလည်း အလွယ်တကူရရှိနိုင်လိမ့်မည်မဟုတ်ပါ။ များပြားလှသော အကြောင်းတို့အား တစ်စုတစ်စည်းတည်းရေးသားရန်လည်း မရည်ရွယ်ပါ။ ယခုရေးသားလိုသောအရာမှာ အောင်မြင်နေသောသူများ နှင့် မအောင်မြင်သေးသော ကျွန်ုပ်တို့သည် မည်သို့ကွာခြားနေသနည်းဆိုသော မေးခွန်းကို လက်လှမ်းမီနိုင်သမျှ ရေးလိုခြင်းသာဖြစ်ပါသည်။ ကွဲပြားခြားနားမှုရှိမည်ကား အမှန်ပင်ဖြစ်ပါသည်။ မမြင်ရသော ကံတရားအား ထည့်မတွက်ထားရန်လည်း အရေးကြီးပါသည်။ လက်ရှိကာလတွင် ရှိနေသော ကံတရားတို့သည် အများအားဖြင့် တူညီနေသည်က များပါသည်။ ဝေလေလေဖြစ်နေသောသူတို့သည် ဝေလေလေဖြစ်ရန်အကြောင်းရင်းခံရှိနေကြပြီး အောင်မြင်သူတို့တွင်လည်း အောင်မြင်စေရန် အကြောင်းခံရှိနေ ပါသည်။ မအောင်မြင်ပဲ ဝေလေလေ နှင့် အောင်မြင်နေသူတို့ မည်သို့ မည်ပုံကွာခြားနေကြသည်ကို ရေးသားလို ပါသည်။ ချိန်ထိုးစဉ်းစားခြင်းသာဖြစ်သောကြောင့် အရာအားလုံးပြည့်စုံနိုင်မည်မဟုတ်ပါ။ “အောင်မြင်သူ နှင့် ဝေလေလေဖြစ်နေသူတို့၏ အဓိက ကွာခြားချက်သည် အကျင့်စရိုက်ပင်” ဖြစ်မည်ထင်ပါသည်။ အကျင့်စရိုက် သည် လူတို့၏ နေ့စဉ်ဘ၀ကို လွှမ်းမိုးမှုအလွန်များပြားလှပါသည်။ နေ့စဉ်လုပ်ကိုင်ဆောင်ရွက်မှုအများစုသည် အကျင့်စရိုက်ကြောင့်ဖြစ်တတ်ကြောင်းကို မိမိကိုယ်မိမိ သုံးသပ်ကြည့်မည်ဆိုလျှင် သိသာမည်ထင်ပါသည်။ သို့သော် မိမိကိုယ်ကို သုံးသပ်ရာတွင် မလိမ်တမ်း မညာတမ်း မညှာမတာ သုံးသပ်မှ အမှန်ကိုမြင်နိုင်မည်ဖြစ် ကြောင်းကို သတိပြုရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော သူတစ်ပါးအား သုံးသပ်ခြင်း၊ ဝေဖန်ခြင်းပြုရာ တွင် မညှာမတာ ဝေဖန်တတ်သော်လည်း၊ မိမိကိုယ်ကို သုံးသပ်ဝေဖန်ရာတွင် အလွန်ပင် ညှာတာကာ သုံးသပ် ဝေဖန်တတ်သောကြောင့်ပင်ဖြစ်ပါသည်။ ပထမဆုံးအနေဖြင့် မိမိကိုယ်ကို မညှာမတာ ဝေဖန်ပြီး အားနည်းချက် အားသာချက်များအား ဝေဖန်စိစစ်ရမည်ဖြစ်ပါသည်။
ဝေလေလေဖြစ်နေသူတွေ နဲ့ အောင်မြင်နေတဲ့သူတွေ မှာ အဓိကကွာခြားချက်က အကျင့်စရိုက်ဖြစ်ကြောင်းကို ဖော်ပြပေးခဲ့ပြီးဖြစ်ပါသည်။ ချိန်ထိုးနိုင်ရန်အတွက် ကွာခြားတတ်သော အကျင့်စရိုက်များကို ဖော်ပြပေးလိုက်ပါ သည်။ အောင်မြင်နေတဲ့သူတွေကို လေ့လာကြည့်သောအခါ သူတို့ဘ၀၏ ပန်းတိုင်ကို သေချာစွာ ချမှတ်ထား တတ်ကြောင်းမြင်တွေ့ရပြီး ဝေလေလေဖြစ်နေသူတို့သည် ဘ၀ပန်းတိုင်သာမက ဘာပန်းတိုင်မှ မရှိကြောင်း တွေ့ရပါသည်။ ကွာခြားချက်သည် အလွန်ပင်ကွာခြားလျှက်ရှိကြောင်း တွေ့နိုင်ပါသည်။ ပန်းတိုင်ဆိုရာတွင် ရေတို၊ ရေရှည် ချမှတ်ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ဘယ်နှစ်တွင် ဘယ်အနေအထားဖြစ်ရမည်ဆိုခြင်းမှာ ပန်းတိုင်ချမှတ်ခြင်းပင်ဖြစ်ပါသည်။ အကောင်အထည်ဖော်နိုင်မှုလည်း အရေးကြီးပါသည်။ ပန်းတိုင်တော့ချမှတ် ထားပြီး အကောင်အထည်ဖော်မှု မရှိခဲ့လျှင် ပန်းတိုင်မချမှတ်ခြင်းနှင့်အတူတူပင်ဖြစ်ပါသည်။ အောင်မြင်သူများ တွင် တွေ့ရသည့် နောက်တစ်ချက်မှာ မည့်သည့်ကိစ္စတွင်မဆို အလောတကြီးမလုပ်ဆောင်တတ်ပဲ အသိဥာဏ် ဖြင့် စဉ်းစားဝေဖန် လုပ်ကိုင်တတ်ပါသည်။ ဝေလေလေများမှာမူ ကမူးရူးထိုး တွေ့ကရာ ဖြစ်ချင်ရာဖြစ် လုပ်ကိုင် တတ်ကြပေသည်။ စဉ်းစားလျှင် အမှားနည်း တတ်ပြီး ကမူးရူးထိုး လုပ်ခြင်းသည် အမှားများစွာဖြစ်ပေါ်တတ် ပေသည်။ စဉ်းစားချင့်ချိန်နေခြင်းသည် အချို့သောအရာများတွင် အနည်းငယ်နောက်ကျနိုင်သော်လည်း ရေရှည် တွင်မူ အမှားအယွင်းနည်းသည့်အပြင် စိတ်ချရသည့် နည်းလမ်းတစ်ခုဖြစ်သည်ဟုလည်း ထင်မြင်မိပါသည်။ အောင်မြင်လိုသူတစ်ယောက်ဖြစ်လိုပါက ပန်းတိုင်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။
နောက်ထပ် အောင်မြင်သူများ နှင့် ဝေလေလေများ၏ ကွာခြားချက်တစ်ရပ်မှာ အချိန်ကို အသုံးချခြင်းပင်ဖြစ်ပါ သည်။ အောင်မြင်သူတို့သည် သူတို့၏ အချိန်များအား အလကားဖြုန်းတီးခြင်း မပြုတတ်ကြောင်း နှင့် အစီစဉ် တကျဖြစ်စေရန် စီမံလုပ်ကိုင်တတ်ကြောင်းကို မြင်တွေ့ရပါသည်။ ဝေလေလေများမှာမူ ဆန့်ကျင်ဘက်ဖြစ် ပေသည်။ ပိုက်ဆံမကုန်ပဲ အလကားရသောကြောင့် အချိန်များစွာ ပိုလျှံနေတတ်ပြီး အလဟဿ အချိန်ဖြုန်းနေ တတ်ကြရာ အသက်အရွယ်များကြီးရင့်သည်အထိ ကြွေဝိုင်းမှ မထသူများကိုပင် မြင်တွေ့ရပါသည်။ ထို့ပြင် အောင်မြင်သူတို့သည် ငွေကြေးဖြုန်းတီးရေးကို စိတ်ဝင်စားမှုနည်းပါးပြီး ငွေကြေးသုံးစွဲခြင်းကိုမူ အလွန်စိတ်အား ထက်သန်ကြကြောင်းကို မြင်တွေ့ရပြီး ဝေလေလေများမှာမူ ငွေကြေးဖြုန်းတီးရေးလမ်းကိုသာ တစိုက်မတ်မတ် လိုက်နေကြပေသည်။ ငွေကြေးဖြုန်းတီးခြင်း နှင့် ငွေကြေးသုံးစွဲခြင်းသည် တူညီခြင်းမရှိသည်ကို နားလည်လိမ့် မည်ဟု ထင်ပါသည်။ ဖြုန်းတီးခြင်းသည် ပြုန်းတီးရန်သာဖြစ်ပြီး သုံးစွဲခြင်းသည် တိုးပွားခြင်း၏အကြောင်းရင်း ဖြစ်ပါသည်။ ဗိုက်မဆာပဲ မုန့်စားခြင်းသည် ဖြုန်းတီးခြင်းဖြစ်ပါသည်။ ထိုကိစ္စသည် အနိမ့်ဆုံးသော ဖြုန်းတီးခြင်း ဖြစ်ပေသည်။ အောင်မြင်သူတို့သည် ငွေကိုသာ မက အချိန်ကိုလည်း အလွန်တန်ဖိုးထားတတ်သည်ဖြစ်ရာ သူတို့တွင် သီးသန့်အားလပ်ချိန်နည်းပါးတတ်ပေသည်။ ဝေလေလေများမှာမူ အချိန်ပြည့်အားလပ်ချိန်ရနေပေ သည်။ အောင်မြင်လိုလျှင် အချိန် နှင့် ငွေ တို့အား အလဟဿ ဖြုန်းတီးခြင်း အကျင့်စရိုက်ကို ပြုပြင်ရပေမည်။
ယနေ့ခေတ်ကာလသည် အပျော်အပါးကိစ္စလိုက်စားလိုသူတို့အတွက် အလွန်လွယ်ကူသောအနေအထားတွင် ရှိနေပါသည်။ အောင်မြင်သူတို့သည် အပျော်အပါးကိစ္စများအား တတ်နိုင်သမျှ ရှောင်ရှားကြပြီး စည်းကမ်းတကျ ဘ၀ကို တည်ဆောက်တတ်ကြကြောင်းကိုလည်း မြင်တွေ့ရပါသည်။ ဝေလေလေများမှာမူ အပျော်အပါးကိစ္စ မှန်သမျှနောက်သို့ တကောက်ကောက်လိုက်နေတတ်ကြကြောင်း မြင်တွေ့ရပါသည်။ ကိုယ့်နေရာဒေသတွင် သာမက အခြားနေရာဒေသများသို့ပင် အပျော်အပါးကိစ္စနောက် အမြဲလိုက်နေတတ်ကြပေသည်။ တစ်ခါတစ်ရံ ပြုလုပ်သောအကျင့်စရိုက်တို့ကို ဆိုလိုခြင်းမဟုတ်သည်ကို သဘောပေါက်စေချင်ပါသည်။ အောင်မြင်နေသူတို့ သည် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေရသော လုပ်ငန်းနယ်ပယ်ကိစ္စအ၀၀နှင့် ပတ်သက်သည့် အသိပညာများ ရရှိစေရန်အတွက် သင်တန်းများတက်ရောက်ခြင်း၊ ဟောပြောပွဲများသွားရောက်နားထောင်ခြင်းများလည်း ပြုလုပ်ကာ အရည်အချင်းတိုးတက်စေရန် လေ့ကျင့်တတ်ကြပါသည်။ ဝေလေလေများမှာမူ သင်တန်း နှင့် ဟောပြောပွဲသွားရန်ထက် ဂိမ်းဆော့နေခြင်းက ပိုမို အရည်အချင်းတိုးတက်စေနိုင်သည်ဟု ထင်မှတ်နေတတ်ပေ သည်။ အောင်မြင်နေသူတို့သည် ဇွဲ၊ လုံ့လ၊ ၀ီရိယ တို့ဖြင့် ချမှတ်ထားသော ပန်းတိုင်သို့ ရောက်ရှိစေရန် အစွမ်းကုန်အားထုတ်ကြိုးပမ်းကြသည့်အပြင် အခက်အခဲတွေ့ပါကလည်း လက်လျော့တတ်ခြင်းမရှိကြသည်ကို တွေ့ရပါသည်။ ဝေလေလေများမှာမူကား ဂိမ်းဆော့လျှင်ပင် စိတ်တို ဒေါသထွက်ကာ အလွယ်တကူ လက်လျော့ အရှုံးပေးသွားတတ်ကြကြောင်း အလွယ်တကူမြင်တွေ့နိုင်ပါသည်။ အခက်အခဲဆိုသည်မှာ အကောင်းဆုံးသောအတွေ့အကြုံကို သင်ပေးနိုင်သည့် ဆရာကောင်းတစ်ယောက်ဖြစ်ကြောင်းကို မသိရှိကြပါ။ အောင်မြင်လိုသူများအနေဖြင့် အပျော်အပါးကိစ္စများအား တတ်နိုင်သမျှရှောင်ရှားခြင်း၊ မိမိလုပ်ကိုင်နေသော လုပ်ငန်းနှင့်ပတ်သက်သမျှ သင်တန်း၊ ဟောပြောပွဲ စသည်တို့မှအစ ကျွမ်းကျင်စေရန်ပြင်ဆင်ထားခြင်း၊ ဇွဲ လုံ့လ ၀ီရိယ တို့ဖြင့် အခက်အခဲတို့အား ကျော်ဖြတ်နိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
11-Nov-2018 တနင်္ဂနွေနေ့(Sunday)