ဘာကိုရှာသင့်သလဲ?
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..
အကြံတူရန်သူဆိုတဲ့စကားကို ကျွန်တော်တို့အားလုံး ငယ်ရွယ်စဉ်ကလေးဘဝကစလို့ နားယဉ်နေခဲ့ကြပါတယ်။ အဟုတ်အမှန်ဖြစ်တယ်လို့လည်း လက်ခံခဲ့ပြီးကျင့်သုံးခဲ့ကြလေမလားတော့မသိပါ။ မြန်မာလူမျိုးတို့ရဲ့စိတ်သဏ္ဍာန်မှာတော့ အနည်းနဲ့အများကိန်းအောင်းနေခဲ့လိမ့်မယ်လို့တော့ထင်ပါတယ်။ စုပေါင်းညီညွတ်ကြပါလို့ပြောနေကြရင်းနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားလာခဲ့ကြပါတယ်။ ရှေးလွန်လေခဲ့ပြီးတဲ့နှစ်များစွာကတည်းက ကွဲပြဲလာခဲ့ကြတာ ယနေ့အချိန်ထိတိုင်အောင် ကွဲပြဲနေကြတုံး၊ ကွဲကြပြဲကြလို့ကောင်းနေကြတုံး၊ နောင်လည်းပဲဆက်လက်ကွဲပြဲနေကြအုံးမယ့်သဘောတွေ မြင်နေကြရပါတယ်။ အကြံတူလို့ ရန်သူဆိုပြီးသတ်မှတ်ခဲ့ရုံပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အကြံမတူလည်း ရန်သူဖြစ်နေကြတာတွေကိုလည်း မြင်နေကြရတာပါပဲ။ ဘက်မတူရင်၊ အတွေးအခေါ်အကြံဉာဏ်မတူခဲ့ရင်လည်း ရန်သူလို့သတ်မှတ်ထားကြလေသလားတော့ ဉာဏ်မမီတော့ပါဘူး။ ဒီတော့ မိတ်ဆွေဆိုတာ ဖြစ်လာနိုင်ကြပါအုံးမလားဆိုတာကို စဉ်းစားစရာဖြစ်လာမိပါတယ်။ စဉ်းစားမိတာကိုပြောတာပါ။
အကြံတူရန်သူဆိုတဲ့စကားကိုရော အကြံမတူရန်သူဆိုတာကိုရောကျွန်တော့်အနေနဲ့လက်မခံနိုင်ပါဘူး။ အကြံတူတိုင်း ရန်သူမဟုတ်သလို အကြံမတူတိုင်းလည်း ရန်သူမဖြစ်နိုင်ပါဘူး။ အကြံတူလို့ရန်သူ အကြံမတူဘက်မတူလို့ရန်သူ ဆိုတာမျိုးက စိတ်ဓာတ်အင်အားနိမ့်တဲ့သူတွေကကျင့်သုံးလာ ခဲ့ကြတယ်လို့ထင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် လူအများနဲ့စုပေါင်းလုပ်ဆောင်နိုင်လောက်တဲ့ အရည်အချင်းတွေမပြည့်ဝတာလို့လည်း ထင်ပါတယ်။ ယနေ့နိုင်ငံတကာကိုလေ့လာကြည့်မယ်ဆိုရင် အကြံတူသူတွေစုပေါင်းပြီးတော့လည်း လုပ်ငန်းတွေလုပ်ကိုင်နေကြတာမြင်နိုင်သလို အကြံမတူသူတွေလည်း စုပေါင်းလုပ်ဆောင်ပြီးအောင်မြင်နေကြတာကို မြင်ကြရပါလိမ့်မယ်။ အဲဒီလို စုပေါင်းလုပ်ဆောင်ခြင်းကြောင့် ကြီးကျယ်တဲ့လုပ်ငန်းတွေပေါ်ပေါက်ခဲ့ရတာလည်းဖြစ်တယ်လို့လည်း မြင်ပါတယ်။ လူတစ်ယောက်တည်းရဲ့ စဉ်းစားတွေးခေါ်မှုထက် လူအများရဲ့စဉ်းစားတွေးခေါ်မှုက ပိုပြီးပြည့်စုံနိုင်တယ်မဟုတ်လား။ တူညီတဲ့အကြံတွေကို စုပေါင်းလုပ်ဆောင်မယ်ဆို လုပ်ငန်းတွေကိုပိုမိုတိုးချဲ့လုပ်ကိုင်နိုင်မယ်ဆိုတာငြင်းမရတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ရန်သူတစ်ယောက်ရှိတယ်ဆိုရင် များလွန်းနေသလို မိတ်ဆွေတစ်ထောင်ရှိတယ်ဆိုရင်လည်း အလွန်နည်းတယ်လို့လည်းဆိုကြတယ်မဟုတ်ပါလား။ တိုတောင်းလှတဲ့လို့ဆိုကြတဲ့ ဘဝခရီးလမ်းမှာ မိတ်ဆွေရှာမလား? ရန်သူရှာမလား? ဘာကိုရှာသင့်သလဲ? ဆိုတာကတော့ ကိုယ့်အပေါ်မှာပဲမူတည်နေပါကြောင်း ရေးသားလိုက်ရပါတယ်။