ဘ၀ခရီးလမ်းမှ လူ (၃) မျိုး
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကျွန်တော်အနေနဲ့ Steemit Platform မှာ လျှောက်လှမ်းပြီးလာခဲ့တာ (၂)နှစ်ကျော်ခရီးကို ဖြတ်သန်းလာခဲ့ပြီးပါ ပြီ။ ဒီလို (၂)နှစ်တာခရီးကိုဖြတ်သန်းလာခဲ့တော့ မိတ်ဆွေ၊ ရန်သူ၊ မိတ်ဆွေလည်းမဟုတ် ရန်သူလည်းမဟုတ် တဲ့သူ ဆိုပြီးတွေ့မြင်လာခဲ့ရပါတယ်။ မိတ်ဆွေဆိုတာကတော့ အလွန်အင်မတန်နည်းပါးလိမ့်မယ်လို့ ယူဆရပါ တယ်။ တကယ်လည်းနည်းမှာပါ။ နောက်ပြီးတော့ ရန်သူဆိုတဲ့ လူတွေ။ ဒါလည်းပဲ များများစားစား မရှိခဲ့ဘူးလို့ ထင်မှတ်မိတာပဲ။ ဒါကလည်း ရမ်းသမ်းပြီး ပြောရတာပဲဖြစ်ပါတယ်။ မိတ်ဆွေ နဲ့ ရန်သူဆိုတာက တကယ့်အရေး အကြောင်းကြုံတွေ့ရမှ သိကြရတာမျိုး မဟုတ်လား။ မိတ်ဆွေဆိုတာကလည်း အများအားဖြင့် ကိုယ်က အားနည်းနေချိန်၊ ကျရှုံးနေချိန်မှ သိရတဲ့အရာမျိုးလို့ ထင်ပါတယ်။ အဆင်ပြေနေချိန်မှာရှိတတ်တဲ့ မိတ်ဆွေ ဆိုတာက မိတ်ဆွေ ဟုတ်တယ်၊ မဟုတ်ဘူး သေချာကွဲပြားနိုင်မှာ မဟုတ်ပါဘူး။ အဆင်မပြေတော့ဘူးဟေ့၊ အကူအညီလိုနေတယ်ဟေ့ ဆိုတဲ့အချိန်ကျမှ ဒီလူကတော့ ငါ့မိတ်ဆွေပဲလို့ သိနိုင်သလို၊ ဒီလူကတော့ အပေါ်ယံ ဆက်ဆံတတ်တဲ့သူပဲဆိုတာ ကွဲကွဲပြားပြားသိနိုင်ပါတယ်။ အဲဒီလို ကျရှုံးချိန်မှာ ကိုယ့်ဘေးမှာ ကိုယ်နဲ့အတူရပ် လို့ အခက်အခဲတွေကို ကိုယ်နဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ၊ ငွေကြေးအရပဲဖြစ်စေ တတ်နိုင်တဲ့အရာနဲ့ တတ်နိုင် သလောက် ကူညီတတ်ကြပါတယ်။ အဲဒီလိုလူအမျိုးအစားတွေကို မိတ်ဆွေစစ်တွေလို့ သတ်မှတ်နိုင်မှာဖြစ်ပါ တယ်။ အဲဒီလိုလူမျိုး တနည်းအားဖြင့် ကိုယ့်ကို ချစ်ခင်နှစ်သက်တဲ့လူမျိုးနဲ့ တွေ့ရင် စိတ်ချမ်းသာပျော်ရွှင်ကြရ တယ်မဟုတ်လား။ ဒီလိုလူတွေဟာလည်း ကိုယ့်အတွက် မိတ်ဆွေစစ်ဖြစ်တတ်ပါတယ်။ အဲဒီအထဲမှာ မပါဝင်တဲ့တွေကတော့ အများအားဖြင့် မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေပဲဖြစ်ပါလိမ့်မယ်။
ရန်သူဆိုတာကတော့ ထင်သာမြင်သာရှိနေတတ်ကြပါတယ်။ ကိုယ့်အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ကိုင်နေတဲ့သူအများစုက ရန်သူတွေဖြစ်နေတတ်ပါတယ်။ ဒီတော့ ဘယ်သူကတော့ ကိုယ့်အကျိုးစီးပွားကို ပျက်စီးအောင် ကြံဆောင်နေတယ်ဆိုတာကိုလည်း မြင်နေကြရမှာပဲဖြစ်ပါတယ်။ ကိုယ့်ကို မလိုလား၊ အမုန်းပွား ပြီး ရန်ငြိုးထားတတ်သူတွေကိုလည်း ရန်သူလို့သိနိုင်ပါတယ်။ ရန်သူဆိုတာက ကိုယ့်ရဲ့အားနည်းချက်တွေ၊ ကိုယ့်ရဲ့ချို့ယွင်းချက်တွေကို ဆီလို အပေါက်ရှာပြီး လိုက်ရှာနေတတ်တယ်။ ဒီလူကတော့ ငါ့ရန်သူဆိုတာ သိနေရင် ဘယ်အချိန်၊ ဘယ်နေရာမှပဲတွေ့တွေ့ သတိတရားလေးနဲ့ နေထိုင်သွားလာတတ်ကြတဲ့အတွက် ကိုယ့်မှာ သတိ လေးတွေတောင် ကောင်းလာသေးတယ်လို့ ထင်မှတ်ရသေးတယ်။ ဒါက ရန်သူကို သတိနဲ့ စောင့်ကြည့်နေရင်းပဲ ကိုယ့်အတွက် သတိလေးတွေ တိုးလာတာပဲဖြစ်မယ်။ ဘယ်သူမဆို ရန်သူ၊ ရန်ဘက် ကိုတွေ့တာနဲ့ သတိထား တတ်ကြတယ်မဟုတ်လား။ ရန်သူဆိုတာကလည်း အများအားဖြင့် အယူအဆမတူလို့ ဘက်မတူလို့ ရန်သူလို့ ခံယူထားတတ်ကြပေမယ့် ရန်သူတိုင်းက အကျိုးမယုတ်စေတတ်ပါဘူ။ မိတ်ဆွေတုတွေ ကတော့ ကိုယ့်ကိုယ် ပိုပြီး အကျိုးယုတ်စေနိုင်ပါတယ်။ ကိုယ့်အကျိုးကို လိုလားသလိုနဲ့ ကိုယ့်ဆီက ရနိုင်သမျှ လေးတွေ နှိုက်ချူသွားတတ်ကြတယ်။ အဲဒီလို လူမျိုးတွေက ရန်သူဆိုတဲ့လူထက် ပိုပြီး ကြောက်စရာကောင်း သလို ပိုပြီး သတိထားသင့်တယ်လို့ ယူဆမိပါတယ်။ ရဲရင့်တဲ့ ရန်သူက ကြောက်စရာမလိုပေမယ့် ယုတ်ညံ့တဲ့ မိတ်ဆွေတုတွေကတော့ အချိန်မရွေး၊ နေရာမရွေး ကိုယ့်အကျိုးကို ပျက်စီးစေနိုင်ပါတယ်။
ဘ၀ခရီးလမ်းမှာ လျှောက်လှမ်းနေတဲ့လူမှန်သမျှမှာ မိတ်ဆွေလည်း မဟုတ်၊ မိတ်ဆွေတုလည်းမဟုတ်၊ ရန်သူလည်းမဟုတ် ဆိုတဲ့သူတွေကို အများဆုံးတွေ့ရမယ်ထင်ပါတယ်။ အဲဒီလိုလိုလူတွေကတော့ ကိုယ့်အကျိုး စီးပွားကို ထိခိုက်ပျက်စီးအောင်မလုပ်တတ်သလို တိုးတက်ကြီးပွားအောင်လည်း လုပ်မပေးကြပါဘူး။ သူ့တို့နဲ့ ပတ်သက်ဆက်နွယ်စရာအကြောင်းမရှိဘူးလို့ ဆိုရမှာပဲ။ သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်ဆိုတဲ့ လူမျိုးတွေပဲဖြစ်ပါတယ်။ ကိုယ်က ကူညီရိုင်းပင်းရမယ့် လူမျိုးမဟုတ်သလို ကိုယ့်ကို ကူညီစောင့်ရှောက်မယ့်သူ လည်းမဟုတ်ပါဘူး။ သူ့ဆီကလည်း ဘာမှ မျှော်လင့်နေလို့မရပါဘူး။ ဒီလိုလူမျိုးတွေက အမြဲပဲတွေ့နေကြရမှာ ဖြစ်ပါတယ်။ ဘယ်နေရာသွားသွား ကိုယ့်မိတ်ဆွေမဟုတ်သလို ကိုယ့်ရန်သူလည်းမဟုတ်တဲ့သူတွေ အမြဲလိုပဲ တွေ့နေကြရတယ်မဟုတ်လား။ တကယ့်တော့ စိတ်ထားတတ်မယ်ဆိုရင် ကြည့်မြင်တတ်မယ်ဆိုရင် အကောင်းဆုံးပဲလို့ ထင်ပါတယ်။ စိတ်ထားတတ်ရင် မြတ်တယ်လို့တောင် ပြောကြသေးမဟုတ်လား။ အဲဒီလို မိတ်ဆွေမဟုတ်၊ ရန်သူမဟုတ်လူတွေနဲ့ အမြဲပဲတွေ့နေရရင် သူတို့ကို အားကိုးလို့ မရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာဖြစ်ပါတယ်။ ဒီတော့ ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုး တတ်လာတာပေါ့။ ဘာလုပ်လုပ် ကိုယ့်အားနဲ့ကိုယ် ချင့်ချိန်ပြီး လုပ်တတ် ကိုင်တတ်ရှိသွားမယ်။ မြတ်ဗုဒ္ဓကလည်း မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆိုခဲ့မဟုတ်လားဗျာ။ ဒါတွေက ဘ၀ခရီးကြမ်းကြီးကို လျှောက်လှမ်းနေကြရတဲ့ လူတိုင်း လူတိုင်း မလွဲမသွေ တွေ့ဆုံကြရမယ့် လူ(၃)မျိုးပဲဖြစ်တဲ့အကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
9-7-2019 အင်္ဂါနေ့(Tuesday)