အယူအဆ မှန်ကန်ရေး
ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear steemians families.

ကုန်သွယ်စီးပွားရှာဖွေလုပ်ကိုင်ကြတဲ့အခါမှာ မှန်ကန်တဲ့အတွေးအမြင်ရှိဖို့ အလွန်အရေးကြီးလှပါတယ်။ စီးပွားရေးနယ်ပယ်မှမဟုတ်ပါဘူး။ ဘ၀လမ်းကြောင်းတစ်လျောက်မှာ အယူအဆ အတွေးအမြင်မှန်ကန်ဖို့ လိုအပ်ပါတယ်။ အယူအဆမမှန် အတွေးအမြင်မမှန်ရင် လွဲမှားမှုတွေနဲ့ကြုံတွေ့ရပြီး ဘ၀ဒုက္ခတွေပိုမိုကြီးမား သွားတတ်ပါတယ်။ စီးပွားလုပ်တဲ့အခါမှာလည်း အယူအဆမမှန်ကန်၊ အသိအမြင်အတွေးတွေမမှန်ကန်ရင် အောင်မြင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ စစ်ကိုင်းက ဇောင်ချမ်းသားကို “ဇော်ဂျီ” ဆေးကြိတ် နေတဲ့ပုံ(အချို့လည်း ဇီးကွက်ရုပ်)တွေထုလို့ “စကော” ထဲ မှာ “စက္ကူ” ခင်းလို့ ဆန်ကွဲ ထည့်လို့ ဈေးရောင်းကောင်းအောင် ဈေးခေါ်ကြ သတဲ့။ အဲဒီလို လုပ်ကိုင်ဆောင်ရွက်လို့ ကြီးပွားချမ်းသာမယ်ဆိုရင် အလွယ်သားပဲ။ လူတိုင်းကြီးပွားချမ်းသာနေ ကြမှာပေါ့။ ဒါက ယုံကြည်မှုနဲ့ပဲသက်ဆိုင်နေမယ်လို့ထင်မိပါတယ်။ စီးပွားလုပ်ရမှာ လူအမျိုးမျိုးက အယူအဆ အမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်တတ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာကတော့ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်လာရတယ်လို့ ဟောကြားခဲ့ပါတယ်။ အကြောင်းတရားမရှိပဲနဲ့ အကျိုးတရားဆိုတာ ဖြစ်ပေါ်မလာနိုင်ဘူး လို့ပြောရမှာပါ။ ဒီတော့ ကိုယ်လုပ်ခဲ့တဲ့အလုပ်တစ်ခုက ကောင်းတာပဲ ဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အဲဒီအလုပ်က အကြောင်းတရားဖြစ်ပြီး အဲဒီ ကိုယ်လုပ်ခဲ့တဲ့အကြောင်းတရားကြောင့် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းနဲ့ ဒုက္ခဖြစ်ခြင်း ဆိုတဲ့ အကျိုးတရားကို ခံစားကြရမှာပဲဖြစ်ပါတယ်။

စီးပွားရေးနယ်ပယ်မှာဆိုရင်လည်း အရင်ဦးဆုံးအနေနဲ့ ကိုယ်လုပ်မယ့်စီးပွားရေးလုပ်ငန်းအကြောင်းကို သေချာသိနေဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီစီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး မသိတာ မရှိလေ ကိုယ့် အတွက် အကျိုးဖြစ်ထွန်းမှုပိုမိုများပြားနိုင်လေပဲဖြစ်ပါတယ်။ အဲဒီအလုပ်အကြောင်းကို သိနေရုံနဲ့လည်း ဘာမှဖြစ်လာအုံးမှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အင်အားကိုစိုက်ထုတ်လို့ ၀ီရိယထားဆောင်ရွက်ရအုံးမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ၀ီရိယထားဆောင်ရွက်တဲ့အခါမှာလည်း ကိုယ့်အနီးအနားပတ်ဝန်းကျင်ကလူတွေနဲ့လည်း အဆင်ပြေပြေ သဟာဇာတဖြစ်အောင်ကြိုးစားရပါအုံးမယ်။ အခက်အခဲဆိုတာက ပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်နေပါတယ်။ ကိုယ့်စီးပွား ကိုယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး အဆင်ပြေစေနိုင်မယ့် ပတ်ဝန်းကျင်ဆိုတာက လည်း လူတွေသာမဟုတ်ပဲ အခြားသောအရာများလည်း လိုအပ်နေအုံးမှာဖြစ်ပေမယ့် ပတ်ဝန်းကျင်ကလူတွေ က ပိုပြီး လုပ်ငန်းကို အောင်မြင်စေနိုင်သလို ခက်ခဲမှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းက လျှပ်စစ်မီးရရှိမှ လုပ်ကိုင်နိုင်တယ်ဆိုရင် လျှပ်စစ်မီးမရှိတဲ့နေရာမှာ သွားလုပ်မိရင် အဆင်ပြေနိုင်ပါ့မလား။ ဒီလို လုပ်ငန်းနဲ့အဆင်မပြေစေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ပြီး ဇီးကွက်ရုပ်တွေ ဇော်ဂျီရုပ်တွေ ဆောင်ထားရုံနဲ့ စီးပွားဖြစ်မယ်လို့ ယုံကြည်နိုင်မလား။ ကိုယ့်စီးပွားလုပ်ငန်းက အဆင်မပြေဖြစ်နေခဲ့ပြီဆိုရင် ပတ်ဝန်းကျင်နဲ့ အဆင်မပြေလို့ဖြစ်တတ်တာကိုလည်း သတိမူသင့်ပါတယ်။ ဒါက မှန်ကန်တဲ့ အတွေး အမြင် အယူအဆ ဖြစ်နိုင်ပါတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်လို့လည်း စီးပွားရေးလုပ်တဲ့နေရာမှာ ပြတ်သားမှုရှိပါရဲ့လားဆိုတာ ကိုလည်း သေချာဆန်းစစ်ကြရမှာပဲဖြစ်ပါတယ်။ လက်ဖွာသလား၊ အသုံးထက် အဖြုန်းကများနေသလား စသဖြင့်လည်း သေချာသိရမှာပဲဖြစ်ပါတယ်။ ဒီတော့ စီးပွားလုပ်မယ်ဆိုရင် အယူအဆ အတွေးအမြင်မှန်ကန်ဖို့ အတွက် ကိုယ်ဘာလုပ်ငန်းလုပ်ကိုင်ပြီး ဘယ်လိုပတ်ဝန်းကျင်တွေလိုအပ်တယ်ဆိုတာကို နားလည်နိုင်ခြင်းက မှန်ကန်တဲ့ အတွေးအမြင်ယူဆချက်ဖြစ်ပါကြောင်းရေးသားရင်း ရပ်နားလိုက်ပါတယ်။
လူတိုင်း လူတိုင်း ဘာသာ သာသနာအတွက် ကောင်းစွာဆောင်ရွက်နိုင်ပါစေ...
ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
12-8-2019 တနင်္လာနေ့(Monday)