အမြင်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့ခေတ်လူငယ်တွေထဲမှာ လူတော်တွေအများကြီးရှိတာကို မြင်ရပါတယ်။ တော်ပေမယ့် အတွေ့အကြုံတွေ နည်းတော့ အမှားအယွင်းတွေ ကြုံရတတ်တယ်။ ဒီလိုမှားယွင်းမှုတွေကြုံကြရတဲ့အခါမှာ လူကြီးတွေကလည်း ဘာတွေလိုအပ်နေလို့မှားယွင်းခဲ့ကြောင်း အကြံပေးတာမလုပ်ကြပဲ အပြစ်တင်ပြီး ဆရာလုပ်တော့ လူငယ်တွေ မျက်နှာငယ် လေးတွေနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတော့ဘူး။ လူငယ်တွေကို ဖေးမပြီး လက်တွဲ ခေါ်ဆောင်ရမှာ အပြစ်တင်နေတော့ လူငယ်တွေလည်း အသိမတိုး လူကြီးတွေစကားလည်းနားမထောင်ဖြစ် ကုန်တတ်တော့တာပဲ။ ဒီနေရာမှာ ပြဿနာကိုပဲဖြစ်စေ၊ တစ်စုံတစ်ရာကိစ္စတစ်ခုကိုပဲဖြစ်စေ အဆိုး အကောင်း ကို ကြည့်တဲ့အမြင်တွေက ကွဲလွဲကုန်တတ်ကြတယ်။ ဘာကြောင့် ကွဲလွဲကုန်ကြတာလည်းဆိုတော့ ရှု့မြင်သုံးသပ်ပုံ မတူညီကြတော့လို့ပဲဖြစ်ပါတယ်။ လူကြီးတွေကလည်း အတွေ့အကြုံဆိုတာကို ဗန်းပြပြီး ရှုမြင် သုံးသပ် ဆုံးဖြတ်တတ်ကြတယ်။ အတွေ့အကြုံတစ်ခုတည်းပေါ်က ရတဲ့အမြင်ဆိုတာကိုက တူညီမှု မရှိနိုင်တော့ဘူး။ လူငယ်တွေဆိုတာက သူတို့ကိုယ်ကျိုးကို အရမ်းမကြည့်တတ်ကြတာကိုလည်း မြင်တွေ့ရ ပါတယ်။ သူတို့ဘယ်လိုအကျိုးရတယ်ဆိုတာကို ပေတံနဲ့တိုင်းကြည့်မနေတတ်ကြဘူး။ လုပ်ချင်ကိုင်ချင်စိတ်ရှိလို့ စိတ်ပါလက်ပါလုပ်ကြရင် စေတနာတရားအလွန်ထက်သန်တတ်ကြပါတယ်။ လူကြီးတွေလို တွေဝေငေးမော နေခြင်းလည်း မရှိကြဘူး။ ဒါက လူငယ်တွေက လူကြီးတွေထက် သာလွန်နေတဲ့အချက်ကြီးတစ်ချက်ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကိုလည်း အလွန်တိုးတက်စေချင်တတ်တဲ့ စိတ်မျိုးရှိတတ်ကြပါသေးတယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လပ်ခွင့်မပေးတဲ့ လူကြီးတွေကြောင့် လမ်းလွဲကုန်တဲ့ လူငယ်တွေ အများအပြား မြင်တွေ့ကြရပါတယ်။ အလွန်နှမြောစရာကောင်းတဲ့ တိုင်းပြည်ရဲ့ ပန်းကောင်းလေးတွေ ဖြစ်ပေမယ့် အညွန့်ချိုးခံလိုက်ရသလိုပါပဲ။
ကောင်းတယ် ဆိုးတယ် ဆိုတဲ့ဆုံးဖြတ်ချက်အတော်များများဟာ ဆုံးဖြတ်တဲ့သူရဲ့ ရှုမြင်တဲ့အမြင်အပေါ်မှာ မူတည်နေပါတယ်။ ကောင်းတဲ့အမြင်နဲ့ကြည့်ရင် ကောင်းတာလေးတွေတွေ့တတ်သလို မကောင်းတဲ့အမြင်နဲ့ ကြည့်ရင် မကောင်းတာကိုပဲတွေ့တတ်ပါတယ်။ ဆရာတစ်ယောက်ဆီမှာ တပည့်ခံကြတဲ့သူချင်းအတူတူတောင် အမြင်တွေမတူပါဘူး။ ရှေးတုံးက ဒိသာပါမောက္ခဆရာကြီးတွေဟာ အတတ်ပညာစုံတတ်မြောက်တဲ့သူတွေလို့ မှတ်သားရပါတယ်။ အဲဒီလိုအတတ်ပညာစုံတတ်မြောက်တဲ့ ဆရာတွေဆီမှာ ပညာအစုံကို လာရောက်သင်ကြား နေတဲ့တပည့်တွေဆို ပိုပြီးအမြင်မတူကြပါဘူး။ တောအုပ်တစ်ခုထဲကို တပည့်တွေအားလုံး လွှတ်လိုက်မယ် ဆိုရင် ဆေးပညာသင်ကြားတဲ့တပည့်ရဲ့အမြင်နဲ့ လက်သမားပညာသင်ကြားနေတဲ့တပည့်ရဲ့ သစ်ပင်တစ်ပင်ကို ရှုမြင်သုံးသပ်ကြတဲ့နေရာမှာ ဘယ်လိုမှ မတူနိုင်တာသေချာပါတယ်။ ဆေးသမားက ဆေးအမြင်နဲ့ကြည့်မှာ ဖြစ်သလို လက်သမားကလည်း အိမ်ဆောက်တဲ့အမြင်နဲ့ကြည့်မှာဖြစ်ပါတယ်။ ရှုမြင်တဲ့အမြင်တွေ မတူကြတာကို ပြောလိုခြင်းသာဖြစ်ပါတယ်။ အရာရာကို ရှုမြင်သုံးသပ်ကြတဲ့နေရာမှာ လူငယ်ပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ဘယ်နေရာ ဘယ်ရှု့ထောင့်ကနေကြည့်တာလဲဆိုတာက အရေးပါလှပါတယ်။ အကောင်းဘက်ကလား အဆိုး ဘက်ကလားဆိုတာကလည်း အရေးကြီးမှာဖြစ်ပါတယ်။ ကောင်းတဲ့ဘက်ကပဲ ကြည့်ကြည့်၊ မကောင်းတဲ့ဘက် ကပဲကြည့်ကြည့် အမှန်ဆိုတာကတော့ တစ်ခုတည်းပဲရှိမှာဖြစ်ပါတယ်။
တောင်တစ်တောင်ရဲ့ ထိပ်ကို တက်ဖို့အတွက် လမ်းကြောင်းများစွာ ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်ဆိုတာက တော့ တစ်ခုတည်းပဲ ရှိမှာဖြစ်ပါတယ်။ အမှန်တရားဆိုတာကလည်း တစ်ခုတည်းပဲ ရှိပါတယ်။ ဒါပေမယ့် အမှန် မဟုတ်ဘူးဆိုတိုင်းလည်း အမှားဖြစ်နေတတ်တာမဟုတ်ပါ။ အချို့အမှန်ဆိုတာတွေက သတ်မှတ်ချက်၊ ကန့်သတ်ချက်တွေနဲ့ မှန်တတ်တဲ့အမှန်ဆိုတာကလည်း ရှိနေတတ်ပါသေးတယ်။ ဥပမာအနေနဲ့ဆိုရင် မိန်းမ အတွက် အမှန်တရားဖြစ်ပေမယ့် ယောက်ျားလေးတွေအတွက်တော့ အမှန်တရားမဖြစ်နိုင်တာတွေရှိပါတယ်။ နေရာဒေသကွာခြားတဲ့အခါမှာလည်း အမှန် ဆိုတာကို ဆုံးဖြတ်ရခက်သွားတတ်ပါတယ်။ အနောက်နိုင်ငံ ယဉ်ကျေးမှုဆိုတာတွေက အနောက်နိုင်ငံတွေမှာ မှန်နေပေမယ့် အရှေ့တိုင်းမှာတော့ မှားနေတတ်သလိုပါပဲ။ ဒါပေမယ့် ခုချိန်မှာတော့ကူးစက်ရောဂါလို ကူးစက်ခံနေကြရပြီး အရှေ့တိုင်းမှာ အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးနေရာယူနေကြပါပြီ။ အမှန်ဆိုတာတစ်ခုတည်းသာ ရှိတယ်ဆိုတာက တကယ့်အမှန်တရား အမြဲတမ်းမှန် နေတဲ့အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာကို ဆိုလိုပါတယ်။ လူငယ်ကပဲ ပြောပြော၊ လူကြီးကပဲပြောပြော အမှန်တရားဆိုတာ အတူတူပဲဖြစ်ပါတယ်။ လူငယ်ပြောလို့ မှားတယ် ပြောမရသလို လူကြီးပြောတာမှားတယ် ဆိုလို့မဖြစ်ပါဘူး။ အမှန်ဆိုတာ အမှန်အတိုင်းပဲ ရှိနေပါတယ်။ လူငယ်တွေဆိုတာ လူကြီးတွေက လက်တွဲခေါ်ဆောင်ရမှာပဲဖြစ်ပါတယ်။ လူငယ်တွေဆိုတာ အညှောင့်ထွက်စ သစ်ပင်ငယ်လေးတွေပါပဲ။ အားမာန်အပြည့်နဲ့ပဲဖြစ်ပါတယ်။ အဲဒီ သစ်ပင်ငယ်လေးတွေကို စိုက်ပျိုးပေး၊ ပေါင်းသင်ပေး၊ ရေလောင်းပေးကြ ရမှာပါ။ လုပ်ပေးသင့်တဲ့အလုပ်ကို မလုပ်ပေးပါနဲ့ သစ်ပင်တွေမရှင်ရကောင်းလား အပြစ်တင်နေမယ်ဆိုရင် မှန်ကန်တဲ့နည်းလမ်း မဟုတ်တော့ပါဘူး။ လူငယ်တွေကို မြင်တဲ့အမြင်က ကောင်းမွန်တဲ့အမြင်ဖြစ်သင့်တယ်လို့ထင်ပါတယ်။
လူငယ်အများစုရဲ့အတွေးက ကမ္ဘာနဲ့ချီပြီးတွေးတတ်ကြပါတယ်။ အောင်မလေးကြီးကြီးကျယ်ကျယ်နဲ့ဟုတ်ပါ့ မလားဆိုခဲ့ရင်တော့ ဟုတ်ပါတယ်လို့ဖြေရမှာပဲဖြစ်ပါတယ်။ ယနေ့ခေတ်ကြီးကိုက ပညာခေတ်၊ အိုင်တီခေတ်၊ အင်တာနက်ခေတ်ကြီးထဲမှာ မွေးဖွားလာခဲ့ကြတဲ့ လူငယ်တွေဟာ အရင်ခေတ်က မွေးဖွားလာခဲ့တဲ့ လူကြီးတွေလို ၀ါးလုံးခေါင်းထဲတင် လသာမနေကြတော့ပါဘူး။ ဒါပေမယ့် လမ်းပြ သွန်သင် ဆုံးမပေးမယ့် လူကြီးတွေမရှိကြတဲ့အခါမှာ ဘာလုပ်ရမှန်းမသိပါဘူး ဆိုတာတွေနဲ့ပဲ ချာလည်လိုက်နေတာ မြင်တွေ့ရပါတယ်။ ဒီတော့ လူငယ်တွေအနေဟာ အတုမြင် အတတ်သင်ဆိုတဲ့စကားလို ဂီတ၊ ရုပ်ရှင်က ပြသနေတဲ့ လွဲမှားတဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်တွေကို လက်ခံကျင့်သုံးနေထိုင်လာတဲ့အခါမှာတော့ ဖြစ်ချင်တိုင်းဖြစ်ကုန်ကြတာပါ ပဲ။ ဒါက သစ်ပင်ငယ်လေးတွေကို အဆိပ်ရေထိုးသွင်းခြင်းဖြစ်တဲ့အပြင် ဂီတ၊ ရုပ်ရှင် ဆိုတာတွေက အခြားအရာ တွေထက် ပိုပြီးထိရောက်တတ်ပါတယ်။ ဂီတကို နေ့စဉ်နားထောင်တတ်ကြသလို အားလပ်ချိန်မှာ ရုပ်ရှင်ကြည့် တတ်ကြတာ လူငယ်အများစုပဲဖြစ်ပါတယ်။ တကယ့်ယူသင့်တဲ့အနှစ်သာရကို မမြင်တတ်၊ မသိတတ်တော့ အပေါ်ယံလေးတွေကို လိုက်တုရာကနေ ပျက်စီးခြင်းပေါင်းစုံနဲ့ ဆုံတွေ့စေပါတယ်။ ရှက်စရာကို ရှက်စရာမှန်း မသိတော့သလို ကြောက်စရာကို ကြောက်စရာမှန်းမသိတော့တဲ့ လူငယ်တွေများလာတဲ့အခါမှာ ဘယ်လောက်ပဲ သယံဇာတပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါစေ။ ဘယ်လိုမှ တိုးတက်နိုင်တော့မှာ မဟုတ်ပါဘူး။ လူငယ်တွေကို အမှန် တကယ်တိုးတက်စေချင်တယ်ဆိုရင် သူတို့ကို လမ်းမှန်ညွန်ပြပေးသင့်တယ်။ သူတို့အမြင်လေးတွေကို နားထောင်ပြီး လိုအပ်ချက်လေးတွေကို ဖြည့်ဆည်းဆွေးနွေးပေးသင့်တယ်လို့ထင်ပါတယ်။ ဒါမှလည်း လူငယ်တွေ အမှန်မြင်လာနိုင်ပြီး ဘ၀ခရီးလမ်းကို အမြင်မှန်လာမှာဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
4-Nov-2018 တနင်္ဂနွေနေ့(Sunday)