အူလည်လည် ခရီးသည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူတွေရဲ့ဘ၀ ဘယ်ကစ အူဝဲကစလို့ သာမန်အနေနဲ့ တွေးနိုင်ပါတယ်။ အူဝဲ လို့ အော်ငိုသံပေးပြီး လောကကြီးထဲကို ရောက်ရှိလာကြပါတယ်။ ဘာလို့လူ့အဖြစ်ကိုရလာတာလဲလို့လည်း ကျွန်တော် မစဉ်းစားခဲ့မိပါဘူး။ အများစုလည်း ကျွန်တော့်လိုပဲစဉ်းစားကြမယ်မဟုတ်လောက်ပါဘူး။ ဘာလို့များ လူဖြစ်နေရလဲဆိုတာ ထက် လူအဖြစ်နေထိုင်ချိန်မှာ ဘယ်လိုခံစားစံစားရမလဲ ဆိုတာကိုပဲ တွေးဖြစ်ကြလိမ့်မယ်ထင်တယ်။ ဘ၀ဆိုတာကြီးက တစ်ခါ တစ်ခါ စဉ်းစားမိတာက ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ သီချင်းဆိုနေကြတာ၊ ပြဇာတ်ကပြနေတာကို ထိုင်ငေးနေရတဲ့ သူတွေလိုခံစားရသလိုပဲ။ အူလည်လည်နဲ့ အခြားတိုင်းပြည်ကို ရောက်နေတဲ့ ဧည့်သည်တွေလိုပဲလို့လည်း ထင်သဗျ။ ကျွန်တော်တို့လူအများစုဟာ သူများရယ်လျှင် လိုက်ရယ်၊ သူများငိုလျှင်လိုက်ငို အလိုက်အထိုက်နေထိုင်ကြတဲ့သူတွေကများမယ်ဗျို့။ ဘ၀ဆိုတာ ဘာကြီးတုံးလို့ သာမန်လောက်ပဲ စဉ်းစားနေရင်းနဲ့ပဲ ပြီးဆုံးသွားကြတာပဲမဟုတ်လားဗျ။
လူ့ဘ၀ဆိုတာကြီးကို ဘာမှန်းသေချာမသိပဲနဲ့ နေ့စဉ်နဲ့အမျှ စားဝတ်နေရေး ဆိုတဲ့ အရေးသုံးပါးအတွက် ရုန်းကြ ကန်ကြ ရှာဖွေကြရင်းနဲ့ သေရွာကို သွားနေကြတဲ့ အူလယ်လယ် ခရီးသွားဧည့်သည်တွေချည်းပါပဲဗျာ။ ဘ၀တစ်ခုမှာ ရှင်ခြင်း နဲ့ သေခြင်း ဘယ်လောက်ခရီးအကွာမှာ ရှိသလဲလို့ ပုံသေတွက်ချက်နိုင်တဲ့ ပုံသေနည်းမရှိတော့လည်း ခက်ပေသားပဲဗျာ။ ပုံသေနည်းသာရှိရင် ထည့်တွက်ပြီး ဘယ်အချိန်မှာ ဒီဘ၀ကို စွန့်ခွာသွားရမလိုဆိုတာ သိနေနိုင်တာပေါ့။ ခုတော့ ဒီပုံသေနည်းကို ဘယ်ပညာရှင်ကမှ မတီထွင်နိုင်သေးဘူး။ နောင်လည်း တီထွင်နိုင်မယ်မဟုတ်ပါဘူး။ ပုံသေနည်းမရှိတော့ မသိနိုင်တော့ဘူး။ မသိနိုင်တော့လည်း လုပ်ချင်ရာလုပ်ပြီး အူလည်လည်နဲ့ပဲ ဘ၀ကို ဖြတ်သန်းနေကြရဆဲပါပဲ။ ပုံသေနည်းရှိလို့ တွက်ချက်နိုင်ရင် ကောင်းတာလေးတွေ ပိုပြီးလုပ်ဖြစ်မယ်ထင်တယ်။
အချိန်သည် ပုံမှန်သွားနေမြဲဖြစ်သော်လည်း အချို့လူတို့အတွက် မြန်လွန်းတယ်ဟုထင်တတ်ကြပြီး အချို့လူတို့ အတွက်မူ နှေးလွန်းတယ်ဟု ထင်တတ်ကြတယ်။ အချိန်ကတော့ ပုံမှန်ပါပဲ။ မြန်လည်းမမြန်သလို နှေးလည်း မနှေးပါဘူး။ လူတွေရဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် အချိန်ကုန်ခဲလိုက်တာ၊ အချိန်ကုန်လွယ်လိုက်တာလို့ ကွဲပြားနေကြရတာဖြစ်ပါတယ်။ အင်မတန်အေးလွန်းတဲ့ရာသီ ဒါမှမဟုတ် အလွန်အင်မတန် ပူပြင်းတဲ့ရာသီဥတုကြောင့် သွားလာနေတဲ့ ခရီးကို မရောက်နိုင်ဘူးလို့ ထင်မှတ်ရပါတယ်။ ဒါက အေးလွန်း ပူလွန်းခြင်းကြောင့် လူ့စိတ်မှာ ဖြစ်ပေါ်လာတဲ့ အတွေးစိတ်ခံစားမှုပဲဖြစ်ပါတယ်။ ခရီးအကွာ အဝေးက အတူတူပဲဖြစ်ပါတယ်။ ခရီးက တိုသွားခြင်း ရှည်သွားခြင်းမဟုတ်ပဲ စိတ်ခံစားမှုကသာ ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ လူ့ဘ၀ကို ရရှိချိန်ကနေ သေဆုံးသွားချိန်အထိ အူလည်လည်နဲ့ပဲ ပြီးဆုံးသွား ကြမယ်ဆိုရင် လူဖြစ်ရကျိုးနပ်တယ်လို့ မထင်မိဘူးဗျို့။ အဲဒီလို အူလည်လည်နဲ့ဆိုရင် လူက လူနဲ့မတူတော့ပဲ အခြားသော အသိဥာဏ်မရှိတဲ့ သတ္တ၀ါတွေနဲ့ အတူတူပဲဖြစ်နေပေါ့။ အသိဥာဏ်ရှိတယ်ဆိုတဲ့ ဂုဏ်ပုဒ်က လူအတွက်လည်း မထိုက်တော့ဘူးဖြစ်သွားမယ်ထင်တယ်။ ယောင်လည်လည် ယောင်နနနဲ့ လူ့လောကကို ရောက်ပြီး ဘာမှန်းမသိ၊ ညာမှန်းမသိ ယောင်လည်လည် ယောင်နနနဲ့ပဲ လူ့လောကကြီးကို ပြန်ကျောခိုင်းထွက်ခွာသွားကြရမယ်ဆိုရင် လူဖြစ်ကျိုးနပ်ပြီလို့ မပြောနိုင်တော့ဘူးထင်ပါတယ်။
ယောင်လည်လည်ဧည့်သည်၊ ယောင်နန ခရီးသည် မဖြစ်ဖို့ ကျွန်တော်တို့ ဘာလုပ်သင့်သလဲဆိုတာ စဉ်းစား သင့်တယ်လို့ မထင်ဘူးလား။ အူဝဲ ဆိုတာကနေ မနက်ဖြန် မနက်ဖြန် မနက်ဖြန်ပေါင်းများစွာနဲ့အတူ ပျော်ရွှင် ကြည်နူးခြင်းတွေ ကိုဖန်တီး လက်ခံမလား၊ ကြေကွဲဝမ်းနည်းမှုတွေကို ဖြစ်ပေါ်စေမလား။ ဘ ကုန်း နဲ့ ၀ နှစ်လုံး သာရှိတဲ့ တိုတောင်းလွန်းတဲ့ ဘ၀ ကို ကျွန်တော်တို့ ဘယ်လို ဖြတ်သန်းမယ်ဆိုတာကတော့ ဘယ်သူကမှ ဖန်တီးပေးလို့မရနိုင်ပဲ ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ကြရမှာပဲဖြစ်ပါတယ်။ ဘယ်ဘုရားရှင်ထံကိုမှ ဆုတောင်းနေလို့ မရနိုင်ပါဘူး။ ကိုယ်တိုင်ပျော်ရွှင်စေချင်တယ်ဆိုရင် ပျော်ရွှင်ခြင်းကို ဖန်တီးရမယ်။ ကမ္ဘာကြီး လုံးဝန်းတာ ပြားချပ်တာက လူ့ဘ၀နဲ့ မဆိုင်ပေမယ့် ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းကတော့ လူ့ဘ၀နဲ့ တိုက်ရိုက် သက်ဆိုင်နေမယ်ထင်တယ်။ တရားသဘောတွေနဲ့တော့ မကြည့်ပါနဲ့။ အာရုံနောက်ကို လိုက်တာမကောင်းဘူး ဆိုပေမယ့် လူ့လောက လူ့ဘ၀မှာ နေထိုင်စဉ်အတွင်းမှာတော့ ငွေကိုလိုအပ်သလို ပျော်ရွှင်ခြင်းလည်း လိုအပ်နေမှာပါ။ ပျော်ရွှင်ချင်တယ်ဆို ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ဖန်တီးယူပါ။ ဘ၀အဓိပ္ပာယ်ကို ပညာရှိတွေက အမျိုးမျိုးဖွင့်ဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကလည်း တူချင်မှ တူကြပါလိမ့်မယ်။ ဘ၀အဓိပ္ပာယ်ဆိုတာ ဘာလဲ လို့ ဦးနှောက်ခြောက်ခံ မစဉ်းစားတော့ပါဘူး။ မမြင်နိုင်တဲ့ တမလွန်ဘ၀တွေကိုလည်း လှမ်းမျှော်မကြည့် တော့ပါဘူး။ မြင်နိုင်တဲ့ ပစ္စုပ္ပန်တည့်တည့်မှာပဲ လောကကောင်းကျိုး၊ ကိုယ့်ကောင်းကျိုးအတွက် လုပ်ကိုင်နေတာက အကောင်းဆုံးဖြေရှင်းချက်တစ်ခုလို့ပဲ ထင်ပါတယ်။ ဒါမှ အလည်လာတဲ့ ယောင်လည်လည် ဧည့်သည်တစ်ယောက်မဖြစ်တော့မှာပဲလို့ ထင်မိတယ်။ စိတ်ထဲထင်တာ တွေးမိဖူးတာလေးတွေကို ရေးချခြင်းဖြစ်ပြီး ကျွန်တော့်အတွေးများသာဖြစ်လို့ သဘောထားခြင်းမတိုက်ဆိုင်ခဲ့ရင် ခွင့်လွှတ်ကြပါဗျာ။
ယောင်လည်လည် ယောင်နန လူ့ဘ၀ ဧည့်သည်မဖြစ်ဖို့အတွက်က မမြင်နိုင်တဲ့အရာတွေကို မျှော်မှန်းတမ်းတ မနေပဲ လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် အသုံးချရမယ်ထင်တယ်။ ဘ၀ဆိုတဲ့ အရာကြီးကို တတ်နိုင်သမျှ ဆင်ခြင် သုံးသပ်ပြီး ကိုယ်နဲ့ ဆုံတွေ့လာတဲ့ တဒင်္ဂဧည့်သည်တွေကို အကောင်းဆုံးဆက်ဆံသင့် ပါတယ်။ ဘ၀အကြောင်း တစ်ခါမှမတွေးဘူးရင် ယောင်လည်လည် ဧည့်သည်သာ ဖြစ်ပြီး ယောင်နန ယောင်လည်လည်နဲ့ သေဆုံးသွားခဲ့ရင် လူဘ၀ရောက်လာရဲ့တဲ့ လူဖြစ်ရကျိုးမနပ်ပါ။ လူဖြစ်ကျိုးနပ်စေဖို့ ယောင်လည်လည် ယောင်နန ဧည့်သည်မဖြစ်ကြစေဖို့ လူ့ဘ၀မှာ စားဝတ်နေရေးဆိုတဲ့ အရေးသုံးပါးနဲ့သာ မပြီးဆုံးသင့်ပါ။ မရဏတိုင်းပြည်ကို ၀င်ခွင့်မဖြေဆိုကြရပဲ လူတိုင်း ၀င်ခွင့်ရကြစမြဲသာဖြစ်ပါတယ်။ မရဏတိုင်းပြည်ကို ၀င်ကြတဲ့အချိန်မှာ လူဖြစ်စဉ်ကာလလုပ်ကိုင်ခဲ့တာတွေက အထောက်အပံ့ပေးမှာသေချာ ပါတယ်။ ကောင်းတာလုပ်ခဲ့တဲ့လူတွေအဖို့ ကောင်းလက်မှတ်၊ ဆိုးတာလုပ်ခဲ့သူတွေအဖို့ ဆိုးလက်မှတ်၊ အသင့်အတင့်လုပ်ခဲ့သူတွေအတွက် သင့်လက်မှတ်တွေနဲ့ မရဏတိုင်းပြည်ကို ဖြတ်သန်းကြရမှာ အသေချာ။ ယောင်လည်လည် ဧည့်သည်အဖို့တော့ ကောင်းလက်မှတ် ရဖို့ လွယ်ကူမယ်မဟုတ်။ ဒီတော့ ချစ်မိတ်ဆွေအပေါင်းအနေနဲ့ ယောင်နန ဧည့်သည်၊ ယောင်လည်လည်ဧည့်သည်မဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ အဓိကရေးလိုတာကတော့ ကောင်းတာလေးတွေလုပ်ဖို့ပါပဲ။ ရှည်ရှည်ဝေးဝေး ရေးစရာမရှိလို့ အတွေးပေါက်ရာ ရေးလိုက်တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာလေးတွေ လုပ်ကြပါလို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်ဗျာ။
Image Credit
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-Jan-2019 စနေနေ့(Saturday)