အတွေးတစ်ခု
ဟေမန္တဆောင်းဥတုကလည်း လက်ပြနှုတ်ဆက်ကာ တဖြည်းဖြည်းနဲ့အမျှ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီက အစားထိုးဝင်ရောက်လာနေပြီဖြစ်ပါတယ်။ နွေရာသီရောက်ပြီဆိုတာနဲ့ အတန်းကျောင်းများလည်း အတန်းတင်စာမေးပွဲ စစ်ပြီးသကာလ နွေရာသီကျောင်းပိတ်ရက်ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်သို့ ရောက်ပြီလားဆိုမှဖြင့် အိမ်တိုင်း အိမ်တိုင်းက မျောက်ရှုးအောင် ဆော့လွန်းတဲ့မျောက်လောင်းလေးတွေကို အိမ်က လူကုန် အော်ရ ငေါက်ရ ဆူရ ပွက်ရနဲ့ ပါးစပ်သေနတ် တရစပ် ပစ်ခတ်နေကြရတော့တာပဲ မဟုတ်လား။(ကိုယ်တွေတုံးကလည်း ဒီလိုပဲမဟုတ်လား 😁)
နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အပြောင်းအလဲတွေလည်း အများအပြားဖြစ်လာတယ်။ ကိုယ်တွေကျောင်းသား ဘဝတုံးက ကိုင်စရာက လေးခွ ငါးမျှားတံ နဲ့ ဖဲထုပ်လောက်ပဲရှိလိမ့်မယ်။ ခုတိုးတက်လာကြတော့ လေးခွ ငါးမျှားတံ မကိုင်ကြတော့ပဲ မိုဘိုင်းဖုန်းလေးတွေ ကိုယ်စီနဲ့ဖြစ်ကုန်ကြပြီ။ ဖဲရိုက်တာတောင် ဖဲထုပ်ဝယ်စရာမလိုတော့ဘူး။ ဘယ်အရာမဆို ပြောင်းလဲတံ့အခါ အကောင်း အဆိုးကတော့ အမြဲဒွန်တွဲ ရွှေလက်မြဲမြဲတွဲလျှက်ပါပဲ။ ကိုယ်တွေတုံးက ငှက်ပစ် ငှးမျှားလုပ်လို့ အကုသိုလ် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခြား အကုသိုလ်တော့ ဖြစ်စရာ သိပ်မရှိခဲ့ဘူး။ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပျက်စီးတာ သိပ်မရှိခဲ့ဘူးလို့ပြောရမယ်။ ခုခေတ်ကာလမှာတော့ ကလေးသူငယ်တွေက ဖုန်းလေးတစ်လုံးနဲ့ မျက်စိပွင့် နားပွင့် အကုန်ပွင့်နေကြလေတော့ အကုသိုလ်တွေ ကင်းနိုင်ကြပါ့မလား။ အကျင့်စာရိတ္တပိုင်းကော ဘယ်လိုဖြစ်နေနိုင်မလဲ အတွေးပွားနေမိတယ်ဗျာ။