အတု အစစ် ခွဲခြားရခက်သည်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့ခေတ်ကာလသမယအချိန်တွင် ယခင်က အလွယ်တကူခွဲခြားနိုင်သော အရာတို့သည် ခွဲမရ တွဲနေလေ တော့သည်။ ဘယ်အရာများနည်းဆိုသော် အရာအားလုံးနီးပါးပင်ဖြစ်ပေလိမ့်မည်။ ဘယ်လိုခွဲခြားမရတာလဲ ဆိုသော် အတုလား အစစ်လား ဆိုတာကို ခွဲခြားမရဖြစ်လာပေသည်။ ကျွန်တော့်တစ်ယောက်တည်းတော့ မဖြစ်တန်ရာ။ အခြားသောလူအများစုတို့သည်လည်း ထို့အတူတူ ခွဲခြားရန် ခက်ခဲလာမည်ဖြစ်ပေမည်။ လူအများစုအနေဖြင့် အတု လား အစစစ်လား မခွဲခြားနိုင်လျှင် အလွန်ပင် နစ်နာမှုများနှင့် ကြုံရ ဆုံရနိုင်ပေမည်။ ယခင်နှစ်က အစစ်ရှိရင် နည်းနည်းပေးပါ ဟူသော ခေါင်းစဉ်ဖြင့် အတုတွေပေါကြောင်းကို ရေးသားခဲ့ဖူးပါသည်။ အချိန်ကြာလာတာနှင့်အမျှ ထိုဆောင်းပါးအား ရှာမရဖြစ်လာပေသည်။ ထို့ကြောင့် ထိုဆောင်းပါးကဲ့သို့သော ဆင်တူဆောင်းပါးအား ထပ်မံရေးသားလိုက်ခြင်းဖြစ်ပါသည်။ အတုများ ပပျောက်သွားလျှင် ထပ်မံရေးသားရန် လိုမည်မဟုတ်သော်လည်း ယခုအခါတွင် အတုများ မပပျောက်သည့်အပြင် ပိုမိုများပြားလာပြီး အစစ်ကို ရှာမရ ဖြစ်နေပြီဖြစ်ပါသည်။ နေရာအနှံ့အပြားတွင် အတုတွေက လွှမ်းမိုးလာရာ အစစ်တို့သည် ဘယ်ချောင်သို့ ရောက် ကုန်သည်မသိလောက်အောင် ရှားပါး ပပျောက်ကုန်ကြလေသည်။ ဤအတိုင်းဆက်သွားနေမည်ဆိုပါကလည်း နောင်လာမည့်မျိုးဆက်များအတွက် အလွန်ရင်လေးစရာပင်ဖြစ်ပါလိမ့်မည်။ ကိုယ်နှင့်ဆိုင်သလား မဆိုင်သလား တော့မသိပေမယ့် လူသားအားလုံးနှင့်ဆိုင်သည်ဟု မှတ်ယူသောကြောင့် မည်သူမျှ ဖတ်ဖတ် မဖတ်ဖတ် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ လာဖတ်သူတစ်ယောက်ရှိလျှင် ထိုတစ်ယောက်အတွက် အကျိုးရှိနိုင်ပြီး ထိုတစ်ယောက်မှ ဆယ်ယောက်သို့ အသိတိုးသွားခဲ့သည်ရှိသော် ရေးသားရကျိုးနပ်ပေပြီ။ ထို့ကြောင့် မြင်သမျှ အတုကိစ္စ၊ ကြားသမျှ အတုပေါမှုတို့အား အဓိကကျသည်ဟုထင်မှတ်ရသော အရာတို့ကို ရေးသားလိုပါသည်။ အတုဆိုသည်မှာ အတုသာဖြစ်ပြီး အတုတစ်ရာသည် အစစ်တစ်ခုမဖြစ်နိုင်သော်လည်း အတုတစ်ရာ၏ လွှမ်းမိုး မှုကြောင့် အစစ်တစ်ခုသည် ပျောက်ကွယ်သွားရပါသည်။
အဓိကကျပြီး အလွန်အန္တရာယ်များသည်ဟု ယူဆမိသော အတုများမှာ အစားအစာအတုများ နှင့် ဆေးဝါးအတု များပင်ဖြစ်ပါသည်။ စံချိန် စံညွှန်းမမီကြသည့်အထဲ အတုများကပါ ရောနှော နှိပ်စက်လာနေရာ စံချိန် စံညွှန်း မမီ သည်ထက် အတုက ပိုပြီး အန္တရာယ်များနေသည်ဟု ထင်မိပါသည်။ အစားအစာများသည် လူတို့အနေဖြင့် နေ့စဉ် စားသုံးနေကြရခြင်းဖြစ်ရာ နေ့စဉ် အစားအစာ အတုများကို စားသုံးနေခြင်းသည် အဆိပ်ကို နည်းနည်းချင်း စားနေသည်နှင့်တူသည်ဟု ထင်ပါသည်။ အစားအစာအတုများ အမှန်တကယ်ရှိနေနိုင်ကြောင်း ကို ဗီဒီယိုများဖြင့် တင်ပြနေသည်များလည်း ကြည့်ရှုမိကြပေလိမ့်မည်။ သို့သော်လည်း အရေးတယူလုပ်ကာ မိမိတို့၏ ရင်သွေးရတနာများအား ထိုသို့သော အစားအသောက်တို့အား မစားကြရန် တားမြစ်ပိတ်ပင်ခြင်း ရှိ မရှိ တော့မသိပါ။ ပိတ်ပင်သင့်သော်လည်း မဟုတ်ပါဘူး လိမ်ဆင်တွေပါဟု ထင်သူတွေကလည်း အများအပြားပင် ရှိနေကြပါသည်။ အစစ်ကို မမြင်ဘူးကြသောသူတို့သည် အတုကိုသာ အစစ်ဟု ထင်မည်သာဖြစ်ပါသည်။ ရှေးအခါက နှမ်းဆီ၊ ပဲဆီ စစ်စစ်တို့အား သုံးစွဲဖူးသူများသည် ယနေ့ ဆီအတုများ သို့မဟုတ် မမှန်ကန်သော ဆီများအား ကြိုက်နှစ်သက်ကြလိမ့်မည်မဟုတ်ပါ။ မကြိုက်သော်လည်း အစစ်မရှိပါ။ အစစ်ရနိုင်ရန်မလွယ်ကူနိုင် တော့ပါ။ အလွန် ရရှိနိုင်ရန် ခက်ခဲသော ရတနာတစ်မျိုးပင်ဖြစ်နေပါပြီ။ ရှေးကလူသားများသည် လောဘနည်းခဲ့ သောကြောင့်လား။ အလွန်အင်မတန်ရိုးသားမှုကြောင့်ပဲလားတော့မသိနိုင်ဟုထင်ပါသည်။ နှမ်းဆီသည် နှမ်းစေ့ကိုသာ ကြိတ်ချေထားသည့် နှမ်းမှရသည့် ဆီစစ်စစ်ဖြစ်ခဲ့သော်လည်း ယနေ့ နှမ်းဆီဟုဆိုသော ဆီသည် ဆီဖြစ်ရန်အတွက် နှမ်းစေ့မှ ပါပါလေစဟုပင် သံသယရှိမိပါသည်။ ထို့အတူ အခြားအစားအသောက်များသည် ရောနှောခြင်းကင်းသော၊ စစ်မှန်သော စားသောက်ကုန်များ မဟုတ်ကြတော့သည်ကများလှပါသည်။ ကော်ဖီသည် ကော်ဖီစေ့စစ်စစ်အား လှော်ကာကြိတ်ခွဲထားသော ကော်ဖီမှုန့်မဟုတ်တော့သည့်အပြင် ဘာမှန်း သေချာမသိနိုင်သည့် အရောအနှောများ ပါဝင်နေတတ်ကြပါသည်။ လူသားတို့၏ လောဘကြောင့် လူသားတို့ သည် အသက်တိုနေကြရပြီဖြစ်ကြောင်း မြင်တွေ့နေရပါသည်။
စားသောက်ကုန်ပစ္စည်းများသည် နေ့စဉ်စားသောက်နေရခြင်းဖြစ်သောကြောင့် အစစ်မဟုတ်မှန်း သိနိုင်သော် လည်း ဆေးဝါးပစ္စည်းများအား အတု အစစ်ကိုမူ ကျွမ်းကျင်သူပညာရှင်များမှသာ သိရှိနိုင်ပေလိမ့်မည်။ ကျွန်တော်ကဲ့သို့သော သာမန်လူသားများအနေဖြင့် ဆေးဝါးများအား အတု အစစ် ခွဲခြားနိုင်ရန် အလွန်မလွယ်ကူသော ကိစ္စတစ်ခုဖြစ်ပါသည်။ အတွေ့အကြုံဖြင့် သိရှိနေနိုင်ရန်ကလည်း နေ့စဉ် ဆေးဝါးမှီဝဲ နေကြရသူများမဟုတ်သောကြောင့် မဖြစ်နိုင်ပါ။ ဆေးဝါးပစ္စည်းအတုတို့သည် မကျန်းမမာဖြစ်သောကြောင့် ဆေးရုံ၊ ဆေးခန်းများသို့ တက်ရောက်ကုသနေကြရသည့်လူနာများအတွက် ကောင်းကျိုးဖြစ်စေမည်မဟုတ် သည်မှာ သေချာပါသည်။ ဆိုးကျိုးမဖြစ်သေးလျှင်ပင် ကံကောင်းလှသည်ဟု ဆိုရပေမည်။ ဆေးဝါးများအား အတုလား အစစ်လား ခွဲခြားနိုင်ဖို့ကို အသာထား၊ ဘာအတွက် ၀ယ်ယူနေရသည့် ဆေးမှန်း သိကြသည့်လူပင် အလွန်နည်းပါးပါလိမ့်မည်။ အရေးတကြီးလိုအပ်သော ဆေးဝါးပစ္စည်းတို့အား အလျင်အမြန်ဝယ်ယူ အသုံးပြုကြ ရတတ်ပါသည်။ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ မရှိကိုလည်း သုံးစွဲသူများအနေဖြင့် သိရှိနိုင်မည်မဟုတ်ပါ။ တရားမ၀င်လမ်းကြောင်းများမှ ၀င်ရောက်နေသော ဆေးဝါးများသည် မူးယစ်ဆေးဝါးများအပြင် အခြားသော လူသုံးဆေးများပါ ရောနှောပါဝင်လာတတ်ကြပါသေးသည်။ ထိရောက်သောနည်းလမ်းများဖြင့် မကာကွယ် မတားဆီးနိုင်ပါက လူမျိုးတုံးကိစ္စချောစေမည်ဖြစ်ပေသည်။ ထိုသို့သော အရေးအရာကိစ္စတို့သည် အစိုးရတွင်သာ တာဝန်ရှိသည်ဟု မမှတ်ယူသင့်ပါ။ နားလည်တတ်ကျွမ်းသောပညာရှင်များနှင့်ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက်ကြပါမှဆေးဝါးအတုရန်က နည်းနည်းလောက် သက်သာနိုင်ပေမည်။ လုံးလုံးလျားလျား အတုရန်မှ ကင်းလွတ်ရန်အတွက်မူ နှစ်ရှည်လုပ်ကိုင်ရမည်ဟုလည်း ထင်ပါသည်။
အခြားသောနိုင်ငံများတွင်မူ စားသုံးသူများအား အကာအကွယ်ပေးနိုင်သော စားသုံးသူကာကွယ်ရေးအသင်းများ တည်ထောင်ထားကြပြီး စီးပွားရေးမတော်လောဘများ၊ တားဆီးကာကွယ်ပေးသော ဥပဒေများ ရှိနေပြီးဖြစ်ပါ သည်။ ကျွန်တော်တို့နိုင်ငံတွင် စားသုံးသူများအား အကာအကွယ်ပေးထားသော ဥပဒေများ ရှိနေပြီလား မရှိသေးဘူးလားဆိုတာတော့ မသိပါဘူး။ ရှိနေပြီးပြီဆိုရင်လည်း အမှန်တကယ်လိုက်နာကျင့်သုံးနေတာကို မမြင်ရသေးဘူးလို့ ထင်ပါတယ်။ နုံနဲ့သော ကျွန်တော်၏ ဗဟုသုတနည်းပါးမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ တကယ်တော့ စားသုံးသူကာကွယ်ရေးဆိုသော အရာများကို ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှလုပ်ကိုင်ဆောင်ရွက် ခဲ့ခြင်းမရှိပဲနှင့် လူထုလှုပ်ရှားမှုများပြုလုပ်ဆောင်ရွက်ရာမှ ထိုသို့သော စားသုံးသူများအား အကာအကွယ်ပေး ရေး ဥပဒေတွေကို ပြဌာန်းလာနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အစိုးရတွင်သာ တာဝန်ရှိသည်မဟုတ်ပဲ ပြည်သူလူထုတစ်ရပ်လုံးတွင်လည်း တာဝန်ရှိပါသည်။အစား အစာအတုများ၊ ဆေးဝါးအတုများသည် လူတို့အား ရောဂါအဆန်းအပြားများအပြင် ကင်ဆာကဲ့သို့သောရောဂါများအား အလွယ်တကူဖြစ်ပွားစေနိုင်ပါသည်။ ခက်သည်မှာကား အခြားသော အတုများကို မဆိုထားနှင့် လူကိုပင် အတုထုတ်လုပ်နေသည်ဖြစ်ရာ အတုများ၏ အန္တရာယ်သည် နောင်အနာဂတ်တွင် ပိုမိုများပြားကြီးထွားလာနိုင်သည်ဟုထင်မြင်မိပါသည်။ လူသားတို့သည် လောဘရှိသည်ကို လူတိုင်းက လက်ခံနိုင်သော်လည်း မတော်လောဘကိုမူ မည်သူမျှလက်မခံချင်ကြပါ။ ထို မတော်လောဘကြောင့်ပင် တစ်ကျပ်တန်အား ခွဲခြမ်းစိတ်ဖြာကာ တစ်ထောင်ရအောင်လုပ်ကုန်ကြခေတ်ဖြစ်ရာ လူတို့၏ အလိုကြီးသောလောဘအား လျော့ချသင့်ပါကြောင်းရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
ရေးသားသူ(Author)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
1-Nov-2018 ကြာသပတေးနေ့(Thursday)