ပျက်စီးလာတာလား? ခေတ်မီတာလား?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Khit copy.png


ရှေးရှေးတုံးကပေါ့။ အဲ ဒီတစ်ခါက ပုံပြင်ပြောတာမဟုတ်ဘူးနော်။ စာရေးဖို့ အစပျိုးနေတယ်။ မနေ့က အချိန်မအားလပ်တဲ့ အပြင် မီးပျက်နေလို့ စာမရေးလိုက်ရဘူး။ ဒါ့ကြောင့် ဒီနေ့တော့ ရေးဖြစ်အောင် ရေးမယ်ဆိုပြီး စာရေးဖို့ အစပျိုးတာပါ။ ရှေးရှေးတုံးက လို့ အစချီရတာက အခုတော့ ရှားပါးသွားလို့ပဲ ဖြစ်ပါတယ်။ ဘာတွေများရှားပါးနေတာလဲဆိုရင် အရင်က ပေါများခဲ့တာအတော်များများ ကျွန်ုပ်တို့နိုင်ငံမှာ ရှားပါးသွားခဲ့တာပါ။ ခုက အခြားအရာတွေကိုတော့ မရေးတော့ပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးလေးများရဲ့ အဖြစ်အပျက်လေးတွေကို ရှေးတုံးကနဲ့ နှိုင်းယှဉ်လို့ ရေးလိုတာပဲဖြစ်ပါတယ်။ ယနေ့ခေတ်ကာလ သားသမီးများဖြစ်ကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်း သမီးလေးတွေ နဲ့ ရှေးရှေးတုံးက အမျိုးကောင်းသား၊ အမျိုးကောင်းသမီးလေးတွေ ဘယ်လောက်များကွာခြား သွားပြီး ဘယ်လောက်တောင် အကျင့်စာရိတ္တလို့ခေါ်နိုင်တဲ့ သီလတရားတွေပျက်ယွင်းကုန်ကြပြီလဲဆိုတာကို ရေးသားလိုပါတယ်။ မကောင်းမြင်တတ်တဲ့စိတ်နဲ့ရေးသားလိုခြင်းမဟုတ်ပဲ အပြုသဘောဆောင်တဲ့ အတွေးနဲ့ ရေးသားခြင်းသာဖြစ်ပါတယ်။ ခေတ်ကာလအလိုက် ခေတ်ရေစီးကြောင်းဆိုတာတွေကိုလည်း လက်ခံပါထားပါ တယ်။ ခေတ်မမီတောင် ခေတ်နောက်မကျအောင်လည်း လေ့လာသင့်သလောက်တော့ လေ့လာထားပါတယ်။ ဒီနေရာမှာ ခေတ်မီတယ် ခေတ်နောက်ကျတယ်လို့ ပြောတတ်ကြလို့ မေးခွန်းလေးတစ်ခုလောက်ကိုတော့ ချစ်သောမိတ်ဆွေများကို မေးမြန်းကြည့်လိုပါတယ်။ ရှေးရှေးတုံးက မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ ငါးပါးသီလ နဲ့ အခုခေတ် ငါးပါးသီလက မတူတော့ဘူးလား? ရှေးရှေးတုံးက ငါးပါးသီလဆိုတာကြီးက ခေတ်မမီတော့ဘူးလား? ဆိုတဲ့ မေးခွန်းလေးကို ယနေ့ခေတ်ကာလ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများကိုယ်တိုင်ပဲဖြေကြည့်စေ ချင်ပါတယ်။


Khit copy 3.png


ရှေးရှေးတုံးက မြန်မာ အမျိုးသမီးလေးတွေဟာ အရှက် အကြောက်ကြီးကြတယ်။ ယနေ့ခေတ် မြန်မာ အမျိုးသမီးလေးတွေကတော့ အရှက် ရော အကြောက်ပါ နည်းပါးလာကြတယ်။ ရှေးတုံးက မြန်မာအမျိုးသမီး တွေက အရှက်အတွက် နဲ့ အသက်ကိုပင် စတေးတတ်ကြတယ်။ ခုခေတ်ကာလ မြန်မာအမျိုးသမီးအချို့က ငွေနဲ့အရှက်ကို လဲလှယ်နေကြတယ်။ အ၀တ်အစားလဲလှယ်ကြရာမှာလည်း ရှေးတုံးက အမျိုးသမီးများက လူကွယ်ရာမှာ ပြုလုပ်လေ့ရှိကြတယ်။ ယနေ့ခေတ်ကာလ အမျိုးသမီးလေးများကတော့ လူမမြင်ရင် မြင်အောင်တောင် ပြချင်နေကြသလားပဲ။ ရှေးရှေးတုံးက မြန်မာအမျိုးသမီးများက အ၀တ်အစားကို လုံလုံခြုံခြုံ ၀တ်ဆင်တတ်ကြတယ်။ ယနေ့ခေတ်ကာလသမီးများက မလုံမခြုံဝတ်ရတာ၊ ဟိုဖော် ဒီပေါ်လုပ်ရတာကို နှစ်ခြိုက်လာကြတယ်။ ရှေးခေတ်ကလက မြန်မာအမျိုးကောင်း သားသမီးများကတော့ လက်မထပ်မီ လွန်လွန်ကျူးကျူး မဖြစ်အောင်ထိန်းသိမ်းတတ်ကြပြီး လွန်လွန်ကျူးကျူးဖြစ်ခဲ့ရင်လည်း အဲဒီလူနဲ့ပဲလက်ထပ်ဖို့ စဉ်းစားတတ်ကြတယ်။ ခုခေတ်ကာလသားသမီးများကတော့ လွန်ကျူးချင်တိုင်း လွန်ကျူးကြဖို့ နေ့စဉ်ကြိုးမမ်း နေကြတယ်။ ဒီထက် ဒီထက်ပိုပိုဆိုးလာတာတွေ အများကြီးရှိနေပါတယ်။ ရှေးတုံးက အမျိုးသမီးများဟာ အရက်ဆိုင်ရှေ့ကနေ ဖြတ်လျှောက်ဖို့ အင်မတန် ရှက်ကြောက်တတ်ကြတယ်။ ယနေ့ခေတ်ကာလသမီးပျိုများ ကတော့ ဘီယာဆိုင်ထိုင်ပြီး ဘီယာသောက်ဖို့ ၀န်မလေးတတ်ကြဘူး။ ရေးမယ်ဆိုရင် အများကြီး ဖြစ်သွားမယ်။ အဓိကရေးလိုတာကတော့ ရှေးရှေးတုံးက မြန်မာအမျိုးကောင်းသမီးများဟာ အင်မတန် အရှက် အကြောက်ကြီး ခဲ့ကြတဲ့အပြင် အကျင့်စာရိတ္တပျက်စီးယိုယွင်းခြင်း တနည်းအားဖြင့် ငါးပါးသီလ ချိုးဖောက်မှု အင်မတန်နည်းပါး ခဲ့ကြတယ်ဆိုတာပဲဖြစ်ပါတယ်။


Khit copy 2.png


မကောင်းတာတွေကို ရေးသားနေခြင်းမဟုတ်ပါ။ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အများစုက သီလ လို့ ခေါ်ဆိုနိုင်တဲ့ အကျင့်စာရိတ္တကို ဖောက်ဖျက်နေတာက ခေတ်မီတယ်လို့ သတ်မှတ်နေကြတာလားလို့ သိချင်မိတာပါ။ သူများအသက်သတ်ဖြတ်ဖို့လည်း ၀န်မလေးတတ်ကြတော့။ သူတစ်ပါးပစ္စည်းဥစ္စာကို မတရားသဖြင့် ရယူဖို့လည်း လက်မနှေးတတ်ကြတော့။ သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ဖို့လည်း ၀န်မလေးကြတော့။ လိမ်လည်ပြောဆိုတာဆိုတာကတေ့ ထမင်းစားရေသောက်အလုပ်လိုပင် ပြုမူနေကြတယ်။ မူးယစ်စေတတ်တဲ့အရာကို လက်တည့်စမ်းရင်း စွဲစွဲလန်းလန်းဖြစ်နေကြတာက အများအပြားဆိုတာ ပြောစရာပင် မလိုတော့။ ကဲ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ လူတို့ကျင့်အပ်တဲ့ ငါးပါးပဉ္စသီထဲ အဲ ငါးပါးသောသီလထဲ မှာ တစ်ပါးသီလတောင် မလုံခြုံတော့တာက လူကြီး လူငယ် အများစုပဲဖြစ်နေတော့ လူမှုပတ်ဝန်းကျင်ကြီးက တိုးတက်တယ် ခေတ်မီတယ်လို့ ဆိုနိုင်ပြောနိုင်ပါ့မလားဗျာ။ နေ့စဉ်နဲ့အမျှ ရှာဖွေလုပ်ကိုင်စားသောက်နေရာတွင် ငွေရရှိရေးကိုသာ အဓိကဦးတည်ဆောင်ရွက်တတ်တဲ့ ခေတ်ကာလဖြစ်နေပါတယ်။ စီးပွားရှာရမှာ လိမ်လည်တယ်၊ ခိုးတယ်။ မမေးလည်း လိမ်လည်ပြောဆိုတတ်လာကြတယ်။ ဒါကို ကျွန်တော်တို့နိုင်ငံကြီး တိုးတက်နေပါတယ်လို့ ပြောလို့ရနိုင်ပါ့မလားလို့ အမြဲစဉ်းစားမိတယ်။ ဒီလောက် အခြေခံစာရိတ္တတွေပျက်စီးနေ တာကို တိုးတက်တယ်လို့ မခေါ်နိုင်ဘူးလို့ထင်ပါတယ်။ ရှေးရှေးတုံးက ငါးပါးသီလကို အတတ်နိုင်ဆုံး မကျိုးမပေါက်ရောင် ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် ကြိုးစားကြတယ်။ ခုခေတ်ကာလမှာ ငါးပါးသီလကို ဘယ်လိုကျင့်သုံးနေကြသလဲဆိုတာ မသိတော့ပါ။


Khit copy 1.png


ရှေးရှေးကနဲ့တော့ မတူတော့ အမှန်ပါပဲ။ လူမှုအဆင့်အတန်းတွေ မြင့်သလား မမြင့်သလားတော့မသိပါ။ အသိဥာဏ်တွေကတော့ အောက်ဆုံးကို ထိုးဆင်းသွားတယ်လို့လည်း ယူဆပါတယ်။ အရက်၊ ဘီယာသောက်မှ ခေတ်မီသတဲ့။ လူရာဝင်သတဲ့။ ဘီယာဆိုင်ထိုင်မှ ခေတ်မီသတဲ့။ မိန်းကလေးတွေကအစ ဘီယာဆိုင် အရက်ဆိုင်ကို ကိုယ့်အိမ်လို အေးအေးလူလူထိုင်နေနိုင်မှ ခေတ်မီသတဲ့။ မိန်းကလေးများ ဟိုဖော် ဒီဖော် ဖော်နေမှ လူကြိုက်များသတဲ့။ အခြားတိုးတက်နေတဲ့ နိုင်ငံများမှာလည်း ဒီလိုပါပဲလို့ပြောကြလိမ့်မယ်။ သူများတွေနိုင်ငံက ကိုယ့်နိုင်ငံမှ မဟုတ်။ သူများတွေကျင့်သုံးနေတဲ့ စည်းကမ်းတွေ နည်းလမ်းတွေက ကိုယ်နိုင်ငံနဲ့ ကိုက်တယ် မကိုက်ဘူး ရှိနေတာသတိမူ၊ ကောင်းတာကိုကျ အတုမယူကြပဲ၊ မကောင်းဘူးဆိုတဲ့ အကျင့်စာရိတ္တကိုကျ လိုက်လံအတုခိုးနေတာ ခေတ်မီတယ်လို့ ဆိုကြတာလားတော့မသိတော့ပါ။ ယနေ့ခေတ်ကာလမှာ အတွဲလေးတွေကိုယ်စီနဲ့ ဘီယာဆိုင် အရက်ဆိုင် ထိုင်ကြသလို နောက်ဆက်တွဲအနေနဲ့ KTV တို့ တည်းခိုခန်းတို့ကိုမှ မရောက်ရင် ခေတ်မမီတော့ဘူးလားမသိပါ။ မိန်းကလေးများကလည်း တည်းခိုခန်းကို အေးအေးလူလူ ကိုယ့်အိမ်လိုသဘောထား ၀င်ထွက်သွားလာနေနိုင်ကြတာကိုလည်း အံ့သြနေမိ တာအမှန်ပါ။ တည်းခိုခန်းမရောက်ဖူးလို့ ခေတ်မမီဘူးဆိုချင်ကြလေသလားတော့ နားမလည်နိုင်တော့ပါဘူး။ ခေတ်မီတာ နဲ့ ပျက်စီးယိုယွင်းတာ မကွဲပြားတော့ပါဘူး။ မကောင်းမှုဆိုတာ အမြဲတမ်းမကောင်းမှုပါပဲ။ ကောင်းမှု ဆိုတာကလည်း အမြဲတမ်း ကောင်းမှုပဲ ဖြစ်ပါကြောင်းရေးသားရင်း၊ ခေတ်မီတာ နဲ့ ပျက်စီးယိုယွင်းလာတာကို ကွဲကွဲပြားပြား နားလည်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ (Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

12-6-2019 ဗုဒ္ဓဟူးနေ့(Wednesday)