အသက်ရှင်ချိန်
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
သတ္တ၀ါတွေဟာ မွေးလာတာ နဲ့ သေဆုံးခြင်း မဖြစ်မီကာလအတွင်းမှာ အသက်ရှင်သန်နေထိုင်ကြတာပဲ ဖြစ်ပါတယ်။ မွေးလာပြီဆိုတာနဲ့ သေဆုံးခြင်းဆိုတဲ့ တံဆိပ်လည်း တစ်ခါတည်း တံဆိပ်ရိုက်ပြီးသားပဲ ဖြစ်ပါတယ်။ မွေးဖွားလာပြီဆိုတာနဲ့ ဘယ်အချိန်သေဆုံးမလဲဆိုတာကို ဘယ်သူမှ သေချာတပ်အပ် မပြောနိုင် ကြပါဘူး။ မွေးဖွားပြီးပြီးခြင်းမှာပဲ သေဆုံးခြင်းနဲ့ ထိပ်တိုက်တွေ့ရတာတွေရှိသလို မွေးဖွားပြီး နှစ် အနည်းငယ် အတွင်းမှာ သေဆုံးတတ်သလို နှစ်ပေါင်းများစွာ အသက်ရှင်သန်နေုထိုင်ပြီးမှ သေဆုံးခြင်းနဲ့ ထိပ်တိုက်ရင်ဆိုင် ကြရတာတွေလည်း ရှိပါတယ်။ အသက်ရှင်သန်နေထိုင်ရချိန်မှာ လုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ် အလုပ်တွေသာ ကိုယ့်ရဲ့နောက်ကို လိုက်ပါလာမှဖြစ်ပြီး အသက်ရှင်သန်နေထိုင်စဉ်ကာလအတွင်း ကြိုးစားပမ်းစားနဲ့ မတရားသဖြင့်ရှာတဲ့ ဥစ္စာပစ္စည်းပဲဖြစ်ဖြစ် တရားသဖြင့်ရှာဖွေထားတဲ့ ဥစ္စာပစ္စည်းတွေပဲဖြစ်ဖြစ် ဘယ်မှ သယ်ယူ မသွားနိုင်ပဲ လက်ဗလာနဲ့ပဲ ပြန်ထွက်သွားကြရမှာပဲဖြစ်ပါတယ်။ လက်ဗလာနဲ့ပဲ လောကကြီးထဲကို ရောက်လာ တယ်။ ပြန်ထွက်သွားတော့လည်း လက်ဗလာနဲ့ပဲ ပြန်ထွက်သွားကြရမှာပဲဖြစ်တာကို လူတိုင်း သိနေကြပေမယ့် မသိချင်ယောင်ဆောင်နေကြတယ်လို့ ထင်ပါတယ်။ ကိုယ်ကသာ မသိချင်ယောင်ဆောင်နေပေမယ့် သေခြင်းတရားကြီးကတော့ ကိုယ့်ဘေးနားမှာ အချိန်ပြည့် တာဝန်မလပ် စောင့်ကြည့်နေတာ ကိုယ်မှ မသိတာကိုး။ မွေးတာနဲ့ သေတာကြားမှာ ရှင်သန်နေထိုင်စဉ်အချိန်မှာ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့သလဲ ဆိုတာ ကိုယ်တိုင် ဝေဖန်ဆန်းစစ်ကြည့်သင့်ပါတယ်။ ကောင်းမှု နဲ့ မကောင်းမှု ဘယ်အလုပ်ကို ပိုလုပ်ဖြစ်နေ သလဲဆိုတာ သတိနဲ့စောင့်ကြည့်သင့်လှပါတယ်။ ဒါမှ ဘယ်အချိန်လာခေါ်မယ်မှန်းမသိတဲ့ သေခြင်းတရားကို မကြောက်မရွံ့နဲ့ နေထိုင်နိုင်မယ်ထင်ပါတယ်။
သေတာ နဲ့ ရှင်တာ ဘယ်ဟာက အရေးကြီးသလဲလို့ လူအများစုကို မေးကြည့်ရင် ဘယ်လို အဖြေမျိုးထွက်လာ မလဲ။ မိတ်ဆွေတို့ရော ဘယ်လိုထင်သလဲ။ သေတာက အရေးကြီးသလား? အသက်ရှင်သန်နေထိုင်ခြင်းက အရေးကြီးသလား? ကိုယ်တိုင်စဉ်းစား အဖြေရှာကြည့်သင့်တယ်လို့ ထင်ပါတယ်။ ဒါမှလည်း သဘာဝရဲ့ အမှန်တရား၊ သဘာဝရဲ့ ဓမ္မကို နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ သဘာဝရဲ့ ဓမ္မဆိုတာ အသက်ရှင်နေတဲ့ ဘယ်လိုသတ္တ၀ါမျိုးအတွက်မဆို မှန်ကန်နေတဲ့အတွက် သဘာဝဓမ္မကို သိထားသင့်တယ်လို့လည်း ယူဆမိပါတယ်။ ဒီလိုတွေရေး ဒီလိုတွေတွေးနေလို့ တရားသမားလို့တော့ မထင်လိုက်ပါနဲ့။ ကျင့်ကြံအားထုတ် နိုင်ဖို့ ကြိုးစားနေဆဲ အဆင့်ပဲရှိပါတယ်။ မနှစ်ကရယ် အခုနှစ်ပိုင်းရယ်မှာ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ ကိုယ့်ဆွေမျိုး ထဲကလူတွေ ဘ၀တစ်ပါးကို ကူးပြောင်းသွားကြတာ များလွန်လို့ အတွေးဝင်ပြီး မွေးတာတွေ သေတာတွေ ရှင်တာတွေ ခေါင်းထဲရောက်လာလို့ ဒီစာကို ရေးမိတာပဲဖြစ်ပါတယ်။ အဲဒီ မွေ ရှင် သေ ကို ပြောမယ် အဲ ရေးမယ်ဆိုတော့ တရားနဲ့သက်ဆိုင်တဲ့စကားလုံးတွေက မပါမဖြစ် ပါလာရလို့ တရားသဘောတွေ သဘာဝဓမ္မ တွေ ပါလာရတာကို ခွင့်လွှတ်ကြပေတော့။ တရားဟောလိုလို့ မဟုတ်ပေမယ့် ဒါတွေထည့်ရေးမှ မှန်နိုင်မှာဖြစ် တဲ့အတွက်ပါ။ လူအများစုက သေဖို့အရေးကို မတွေးတတ်ကြသလို ကျွန်တော်လည်းပဲ သေတာကို မေ့ချင်ယောင်ဆောင်ထားတယ်။ အသက်ရှင်နေထိုင်စဉ်မှာ နေချင်သလို နေတတ်ကြတယ်။ ပျော်ပျော်နေသေခဲ လို့လည်း ဆိုတတ်ကြပါသေးတယ်။ ဘယ်လိုပျော်တာလဲ ဆိုတာကိုတော့ မစဉ်းစားကြပါဘူး။ အသက်ရှင်သန်နေထိုင်စဉ်မှာ နေချင်သလို နေလို့ ရပါတယ်။ ဒါပေမယ့်လည်း အသက်ရှင်သန်တာကို နေချင်တိုင်း နေလို့မရတာကိုလည်း ထည့်ဏဉ်းစားထားသင့်ပါတယ်။ နေချင်သလိုနေလို့ရတယ်၊ နေချင်သလောက်တော့ နေလို့မရတာအမှန်ပဲမဟုတ်လား။
အသက်ရှင်သန်နေတဲ့ ခန္ဓာကိုယ်တွေဆိုတာက အနံ့မျိုးစုံ ထွက်တတ်တယ်။ ခန္ဓာကိုယ်ကနေထွက်လာတဲ့ အရာမှန်သမျှ ဘယ်အရာမှ မွှေးမနေပါဘူး။ ခန္ဓာကိုယ်မှာတောင် သူ့နေရာနဲ့သူဆိုရင် မရွံပေမယ့် သူ့နေရာ မဟုတ်တော့ရင် အတော်ရွံ့စရာကောင်းတယ်လို့ ထင်ကြတာပဲ။ ဥပမာအနေနဲ့ ပြောရရင် ခန္ဓာကိုယ်ရဲ့ အပေါ်ဆုံး အမြင့်မြတ်ဆုံးလို့ လူတွေသတ်မှတ်ထားတဲ့ ခေါင်းပေါ်ကဆံပင်၊ အလှတွေတပြင်ပြင်နဲ့ အမြတ်တနိုး ထိန်းသိမ်းထားတတ်ကြတဲ့ဆံပင်ဆိုပါစို့။ သူ့နေရာဖြစ်တဲ့ ခေါင်းပေါ်မှာဆိုရင်တော့ ခန့်ခန့်ထည်ထည် မြတ်မြတ် နိုးနိုးတသသလုပ်နေတတ်ကြပေမယ့် သူ့နေရာမဟုတ်တော့တဲ့ ထမင်းပန်းကန်၊ ဟင်းပန်းကန်ထဲကိုများ အဲဒီ ဆံပင်ရောက်ကြည့်၊ ရွံစရာကောင်းတာလို့ ပြောမယ့်သူတွေချည်းပါပဲ။ ဒါက တသသနဲ့ အလှပြင်ပြီးအမြတ်တနိုး ထားတဲ့ ဦးခေါင်းထိပ်က ဆံပင်၊ အခြားနေရာကဟာတွေများစဉ်းစားမိရင် ပိုဆိုးရောပေါ့။ ရွံစရာကောင်းတဲ့လို့ ယူဆတဲ့အရာတွေမှန်သမျှက ခန္ဓာကိုယ်ပေါ်က အရာတွေပဲဆိုတာကိုတော့မေ့ထားတတ်ကြတယ်။ အနံ့အသက်ဆိုတာကလည်း ဆိုးမှဆိုးလို့ သတ်မှတ်ကြပေမယ့် ကိုယ့်ခန္ဓာကိုယ်က လည်း ဒီလိုအနံ့တွေထွက် နေပါလားဆိုတာကိုတော့ မေ့ချင်ယောင်ဆောင်ထားတတ်ကြတယ်။ ချွေးထွက်လည်းနံ၊ ချွေးမထွက်လည်းနံ။ ချိုင်းကထွက်လည်းနံ၊ ပါးစပ်ကထွက်လည်းနံ မွှေးတဲ့အနံ့ တစ်ခုမှမထွက်ပါဘူး။ အနံဆိုးလွန်းတဲ့သူတွေဆို ရေမွှေးပြင်းပြင်းတွေနဲ့ ဖုံးဖိထားကြရသေးတယ်မဟုတ်လား။ ရေမွှေးဆွတ်ထားတဲ့သူတိုင်းကို အနံ့ပြင်းပြင်းထွက် တဲ့သူလို့တော့ မဆိုလိုပါဘူး။
အသက်ရှင်သန်နေထိုင်စဉ်အချိန်မှာ ကျွန်တော်တို့တွေ မစဉ်းစားခဲ့၊ မေ့ချင်ယောင်ဆောင်ခဲ့မိတဲ့အတွက် သေဆုံးရတော့မယ့်အချိန်မှာတော့ နောင်တဆိုတာ လာတတ်သလားပဲ။ မသေချင်ဘူးအော်နေလည်း အလကားပဲဖြစ်နေတယ်။ မသွားချင်ဘူးဆိုလို့လည်း သေမင်းလက်ကမလွတ်နိုင်တာကလည်း သေချာတယ်။ သေဆုံးရမယ့်အချိန်ကို ရောက်နေတဲ့သူတွေနားမှာ ရောက်သွားမိတဲ့အခါ သေတော့မယ့်လူတွေရဲ့ ပါးစပ်ကနေ ငါမသွားချင်သေးဘူး၊ ဘယ်မှမသွားဘူး၊ မသေချင်သေးဘူး ဆိုတာတွေကို ရွတ်ဆိုတတ်ကြတာတွေ့ရတယ်။ အသက်ရှင်သန်နေထိုင်ချိန် နဲ့ သေဆုံးရတော့မယ့်အချိန် ဘယ်အရာကအရေးကြီးသလဲလို့ စဉ်းစားမိတယ်။ ရှေးကတည်းက ဆိုရိုးစကားတစ်ခုက နေရေးထက် သေရေးကခက် ဆိုလားပဲ။ အသက်ရှင်သန်နေတက လွယ် ကူတယ်၊ သေဆုံးဖို့ရာခက်တယ်လို့ဆိုချင်တာမျိုးလား။ အသက်ရှင်သန်နေထိုင်တဲ့အချိန်မှာ အနေမှန်ရင် အသေမှန်မှာဖြစ်ပြီး အနေမှားခဲ့ရင်လည်း အသေမှားမယ်လို့ ယူဆပါတယ်။ အနေမှန်တယ်ဆိုတာက အဓိက အနေနဲ့ အကျင့်စာရိတ္တမှန်ကန်တာကို ဆိုချင်ပါတယ်။ အကျင့်စာရိတ္တဆိုတဲ့နေရာမှာလည်း သူများပစ္စည်း၊ သူများသားမယားကို ခိုးယူတာတွေ၊ လိမ်လည်လှည့်ဖြားတာတွေ၊ အရက်သေစာ သောက်စားမူးယစ်ပြီးတော့ ကုသိုလ်ပြုဖို့မေ့လျော့နေတတ်တာတွေ စတဲ့ ငါးပါးသီလကို အခြေခံထားတယ်လို့လည်း ယူဆပါတယ်။ အဲဒီလို အကျင့်စာရိတ္တမဖောက်ပြန်ထားတဲ့လူဟာ အသက်ရှင်စဉ် အနေမှန်တဲ့အတွက် အသေလည်း မှန်နိုင်ပါလိမ့်မယ်။ သေခြင်းတွေကိုပဲ ရေးနေလို့ သေခြင်းတရားကို ကြောက်ပါတယ်ဆိုမှ ဆိုပြီး ရှောင်လွဲမရပါဘူး။ ရှောင်လွဲမရရင်ဘာလုပ်ကြမလဲ။ ရှောင်လွဲမရမှတော့ ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ပြင်ထားကြ ရမယ်မဟုတ်ပါလား။ သေမင်းကို ထိပ်တိုက်ရင်ဆိုင်နိုင်အောင် ရိက္ခာ လက်နက် ပြင်ဆင်စုဆောင်းထားသင့်ပါ တယ်။ အဲဒီ ရိက္ခာ လက်နက် ဆိုတာကလည်း အခြားဟုတ်ရိုးလား။ ကောင်းမှုကုသိုလ်ပဲဖြစ်ပါတယ်။ ကုသိုလ်ရဲ့ ရနံ့က အလွန်မွှေးပျံ့တတ်ပြီးတော့ အကုသိုလ်ရဲ့ အနံ့ကတော့ မခံနိုင်လောက်အောင် ပုတ်စော်နံတတ်ပါတယ်။ ဒီတော့ကာ အသက်ရှင်သန်နေထိုင်တဲ့အချိန်မှာ သေဆုံးခြင်းကို မရောက်သေးမီအချိန်မှာ ကောင်းမှုကုသိုလ် တွေ အများအပြားစုဆောင်းထားပြီး မကောင်းမှု အကုသိုလ်တွေကိုတော့ နည်းနိုင်သမျှ နည်းအောင် ကြိုးစားထားသင့်ပါကြောင်း ရေးသားရင်းရပ်နားလိုက်ပါတယ်။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
14-6-2019 သောကြာနေ့(Friday)