အဆင်ပြေစေသူ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မနေ့က ဆီလျှော်အောင်ဖန်တီး ဆိုတဲ့ခေါင်းစဉ်နဲ့ စာရေးတင်ခဲ့တယ်။ ဆီလျှော်အောင်ဖန်တီးတယ်ဆိုတာကို စစ်ဗျူဟာ စီးပွားရေးဗျူဟာနဲ့ နှိုင်းယှဉ်ရေးသားခဲ့ပါတယ်။ ဒါက စိတ်ကူးထဲတည့်ရာကို ဥပမာတစ်ခုအနေနဲ့ ဖော်ပြရေးခဲ့ခြင်းဖြစ်ပါတယ်။ အဆင်ပြေပြေ ဖန်တီးနိုင်သူ ဆီလျှော်အောင်ဖန်တီးနိုင်သူတွေဆိုတာ ရှားပါး လိမ့်မလားမသိဘူး။ ကိစ္စတိုင်း အရာရာတိုင်းမှာ အဆင်ပြေပြေဖြစ်အောင် စွမ်းဆောင်နိုင်သူတွေဟာ အင်မတန် နည်းပါးကြလိမ့်မယ်လို့လည်းထင်ပါတယ်။ ကမ္ဘာကြီးက ရွာကြီးတစ်ရွာအဖြစ် သမုတ်ခေါ်ဝေါ်နေကြတဲ့ ယနေ့ IT ခေတ်ကြီးထဲမှာ အဲဒီလို အဆင်ပြေပြေ ဆောင်ရွက်နိုင်သူ၊ အဆင်ပြေပြေ စွမ်းဆောင်နိုင်သူတွေကို ဘယ်လို စကားလုံးမျိုးနဲ့ သတ်မှတ်ခေါ်ဝေါ်နိုင်မလဲ။ စဉ်းစားမိတဲ့အရာတစ်ခုပါ။ ယနေ့ခေတ်ကြီးထဲမှာ ဥာဏ်ရည်မြင့်မား သူတွေကို Intellective Quotient (IQ) သမားများလို့ခေါ်ဆိုတတ်ကြသလို ဆက်ဆံရေးကောင်းမွန်ပြေပြစ်တဲ့အရည်အချင်းရှိသူတွေကို Emotional Quotient (EQ) သမားများအဖြစ် ခေါ်ဆိုတတ်ကြပါတယ်။ IQ, EQ ထက်ပိုပြီး အခုခါမှာ အခက်တွေကို ဖြေရှင်းနိုင်သူ ကော်လွှားနိုင်သူတွေကို Adversity Quaotient(AQ)သမားများရယ်လို့ သတ်မှတ်ခေါ်ဝေါ်လာကြပြန်ပါပြီ။ ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုရင် အခုကျွန်တော်ရေးမယ့် အဆင်ပြေစေသူ၊ အဆင်ပြေပြေဖန်တီးနိုင်သူ၊ အဆင်ပြေအောင်စွမ်းဆောင်နိုင်သူတွေကို AQ သမားများလို့ သတ်မှတ်နိုင်မယ်ထင်တယ်။ ဟုတ်လေမလား တော့ မသိဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ကတော့ ဟုတ်နေပါပြီ။
နောက်တစ်ခုက အဲဒီ IQ, EQ နဲ့ AQ သမားတွေထဲမှာ AQ သမားများက ပိုပြီးသာတယ်လို့ ဆိုကြပါတယ်။ (နောက်ဆုံးမှ ပေါ်တဲ့ နောက်ဆုံးပေါ်မို့လို့လားတော့ မသိပါဘူး။ နောက်ဆုံးပေါ်ဆိုရင် ဈေးကြီးတတ်တယ်မဟုတ်လား။) စတာနော်။ ဒီအယူအဆကိုလည်း လက်ခံနိုင်စရာရှိပါတယ်။ ဒါပေမယ့်လည်း သူ့နေရာနဲ့သူပဲဖြစ်မယ်လို့ထင်တာပဲ။ ကောင်းတဲ့အရည်အချင်းတွေချည်းပဲလို့လည်းထင်ပါတယ်။ လူ့လောက လူ့ဘ၀မှာ ရပ်တည်နေထိုင်ကြတဲ့အခါ အခက်အခဲတွေဆိုတာက နေ့စဉ်မဟုတ်တောင် မကြာခဏတော့ တွေ့ကြုံကြရစမြဲပဲဖြစ်တဲ့အတွက် အဲဒီအခက် အခဲတွေကို ဖြေရှင်းနိုင်တဲ့အရည်အချင်းကသာ ပိုကောင်းတယ် ပိုအရေးကြီးတယ်လို့ ထင်မြင်လာကြတာလို့ လည်းယူဆမိပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်ပေမပေါ့လေ။ ဒါက ကိုယ့်အထင်ပဲဖြစ်ပြီး ပညာရှင်အများစုက တော့ နောက်ဆုံးပေါ် AQ ကပိုအရေးကြီးတယ်လို့ ယူဆထားကြတယ်လို့ဆိုကြပါတယ်။ ခေတ်ဆိုတာကြီးကလည်း တစ်နေ့ထက် တစ်နေ့ တစ်ရက်ထက်တစ်ရက် အလျင်အမြန်ကို ပြောင်းလဲတိုးတက်လာနေတာတော့ အမှန်ပါပဲ။ ဒီနေ့အမှန်လို့ ယူဆထားတာတွေက မနက်ဖြန်မှာ အမှားဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ဒီနေ့အယူအဆက မနက်ဖြန်အယူအဆနဲ့ ကွဲလွဲနေတတ် တာတွေလည်း ဖြစ်နိုင်တာပဲ။ တိုးတက်လာတဲ့ခေတ်နဲ့အတူ စီးမျှောနေကြလေတော့ ပုံသေကားချမှတ်ယူနေလို့ လည်းမဖြစ်တော့ဘူး။ အဲဒီ Q တွေကလည်း နေရာတကာမှာ အရေးပါနေတာပဲ။ Q ဆိုတဲ့စကားလုံးကိုက ရှားပါး ပေမယ့် အတော်တော့ အရေးပါတဲ့နေရာမှာ ၀င်ရောက်နေရာယူထားတာ တွေ့နိုင်ပါတယ်။
ယနေ့ IT ခေတ်ကြီးထဲမှာ အဲဒီ ဘာ Q ညာ Q ဆိုတာတွေကလည်း အများသားပဲမဟုတ်လား။ အလွန်အောင်မြင်ကျော်ကြားနေတဲ့သူတွေကို လေ့လာဆန်းစစ်ချက်အရ IQ, EQ ဆိုတာတွေထက် လက်တွေ့ကျကျ အခက်အခဲတွေ၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး အလွန်သည်းခံတတ်မှု သဘောရှိတဲ့ AQ ဆိုတာကို ပိုင်ဆိုင်ထားကြတယ်လို့ ဆိုထားကြပါတယ်။ သည်းမခံနိုင်တဲ့သူက မအောင်မြင်နိုင် ဘူး။ လူအများနဲ့လည်း သဟဇာတ မဖြစ်နိုင်ဘူး။ သည်းမခံတတ်တာက ဘာကိုဖော်ပြနေလဲဆိုရင် တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူးဆိုတာကို ဖော်ပြနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ် နိုင်တဲ့သူတွေဟာ ဘယ်နေရာမှာမှ အောင်မြင်ဖို့ မလွယ်တတ်တာကိုလည်း တွေ့နိုင်ပါတယ်။ ထစ်ကနဲရှိ ရန်လို တတ်တဲ့စိတ်၊ ထစ်ကနဲရှိ ပြန်လှန်ပြောဆိုလိုတဲ့စိတ် စတဲ့ စတဲ့အရာတွေက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်၊ သည်းမခံနိုင်တာကိုဖော်ပြနေတဲ့အတွက် လူအများကလည်း မနှစ်မြို့တတ်ပါဘူး။ အဲဒီ AQ သမားများကတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အင်မတန်မြင့်မားကြတယ်လို့ ဆိုထားပါတယ်။ အခြေအနေတွေဘယ်လိုပဲ ဆိုးဆိုး၊ ပြဿနာတွေက ဘယ်လောက်ပဲခက်ခဲခက်ခဲ အဆိုးထဲကနေ အကောင်းတစ်ခုခုကိုတော့ ရအောင် ယူနိုင်ကြပြီး ပြဿနာတွေ အခက်အခဲတွေကို ပြေပြေလည်လည် ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ ဒီလို အရာရာမှာ ပြေပြေလည်လည်ဖြစ်အောင် ဖန်တီးနိုင်စွမ်းရှိတဲ့ဟာ လက်တွေ့လူ့ဘ၀မှာ အမှန်တကယ်လည်း လိုအပ်နေပါ တယ်။ ဒီအတွက်ကြောင့်လည်း အခြား Q တွေထက် ပိုအရေးကြီးတယ်၊ အရာရောက်တယ်လို့ ပညာရှင်တွေက လက်ခံထားကြတာဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ အဲဒီ အရည်အချင်းတွေဖြစ်တဲ့ EQ, IQ, AQ ဘာ Q ညာ Q ဆိုတာကတော့ တစ်ခုနဲ့တစ်ခု အပြန်အလှန်ဆက်သွယ် အကျိုးပြုနေတယ်လို့ ယူဆမိပါတယ်။
လူ့ဘ၀ကြီးမှာကလည်း အသက်တစ်ရာသာမရချင်ရှိမယ်။ အမှုတစ်ရာမကြုံတွေ့ရတဲ့သူတော့ မရှိဘူးလို့ စာတွေတောင်ချိုးထားကြသေးတော့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့စွမ်းရည်က ပိုပြီး အသုံးတည့်တယ် လို့လက်ခံလာကြတာဖြစ်မယ်ထင်ပါတယ်။ လူ့ဘ၀မှာ အခက်အခဲတွေ ပြဿနာတွေထဲမှာ ကိုယ့်ရဲ့ ရာထူး စည်းစိမ် ဥစ္စာတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဆွေမျိုးတွေ စတဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့လည်း မဖြစ်မနေ တွေ့ကြုံ ရင်ဆိုင်နေကြရစမြဲပါ။ အဲဒီလိုပျက်စီးဆုံးရှုံးမှုတွေကို မတုန်မလှုပ်နေနိုင်တဲ့အရည်အချင်းဆိုတာ တကယ်ကိုမလွယ်ကူတဲ့အရည်အချင်းဖြစ်လို့ ခက်ခဲတယ်၊ အရေးကြီးတယ်၊ အဖိုးတန်တယ်ဆိုတာ ဖြစ်ပါတယ်။ သာမန်အနေနဲ့ဆိုရင် အဲဒီပျက်စီးခြင်းတွေကို ခံနိုင်ရည်ရှိဖို့ မလွယ်ကူတဲ့အကြောင်း မြတ်ဗုဒ္ဓကိုယ်တော်တိုင်က ပျက်စီးခြင်း(၅)မျိုးအကြောင်းကိုဟောကြားထားခဲ့ပါတယ်။ ကိုယ်က အောင်မြင်နေတဲ့အချိန်၊ လုပ်သမျှအဆင် ချောနေတဲ့အချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် အထင်တကြီးရှိတတ်ကြပေမယ့် လုပ်သမျှ ဒုက္ခ နဲ့တွေ့တဲ့အချိန်မှာ အဲဒီ AQ လို့ခေါ်နေကြတဲ့ ပြေပြေလည်လည် ဖြေရှင်းနိုင်ဖို့၊ အခက်အခဲ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ ရင်ဆိုင် ယှဉ်ပြိုင်နိုင်ဖို့၊ အဆိုးတွေထဲက အကောင်းကို ရအောင်ယူတတ်ဖို့ဆိုတာ တော်ရုံစကေးနဲ့တော့ မဖြစ်နိုင် ဘူးမဟုတ်လား။ ကဲ ကဲ ရေးထားတဲ့စာတွေကလည်း တော်တော်ရှည်နေပါပြီ။ အပေါ်မှာ ရေးခဲ့တဲ့ Q တွေထဲမှာ ဘယ် Q တွေ ကိုယ့်မှာ ပိုင်ဆိုင်ထားသလဲဆိုတာ စစ်ကြည့်လိုက်ကြပါအုံးလား။ အဲ - ဆော် Q ၊ ဘဲ Q တဲ့ Q တွေတော့ ပါဘူးနော်။ ကောင်းမွန်တဲ့ Q တွေကို ပိုင်ဆိုင်ကြပြီး ဘ၀ခရီးလမ်းကို အဆင်ပြေ ချောမွေ့စွာ ဖြတ်သန်းနိုင်တဲ့ လောကလူသားတွေကို အဆင်ပြေစေသူတွေ၊ အခက်အခဲပြဿနာ၊ ဆုံးရှုံးမှု ဆိုတဲ့လောကဓံ တွေကို အဆင်ပြေပြေနိုင်ဆောင်ရွက်နိုင်သူတွေ ဖြစ်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
25-6-2019 အင်္ဂါနေ့(Tuesday)