အစားအစာ စိတ်ချရမှု

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မနေ့က စိတ်ကူးပေါက်လို့ အစားအစာတွေ စိတ်ချရမှုနည်းပါးတဲ့အတွက် အဆိပ်သင့်အစားအစာဆိုပြီး ရေးတင်လိုက်မိပါတယ်။ အစားအစာက နေ့စဉ်စားသုံးနေကြရတဲ့အတွက် မစားပဲနေလို့မဖြစ်တဲ့အတွက် အလွန်အရေးကြီးပါတယ်။ ဒီအတွက်ကြောင့်လည်း အစားအစာကို သတိနဲ့ စားသုံးစေချင်လို့ ရေးလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီနေ့စဉ်စားတဲ့ အစားအစာတွေကြောင့် နိုင်ငံရဲ့ အညွန့်အဖူးလေးတွေ စောစော ကြွေကျ မြေခ နေတာကို မြင်တိုင်းလည်း ရင်နာမိပါတယ်။ လူငယ်တစ်ယောက်သေဆုံးခြင်းဟာ မိသားစု ဆွေမျိုးအသိုင်း အ၀ိုင်းသာ ဆုံးရှုံးတဲ့အဖြစ်မဟုတ်ပဲ နိုင်ငံတော်အတွက်လည်း ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။ ဘယ်လိုပင်ဆို စေကာမူ လူတိုင်းကတော့ အစားအစာတွေကို နေ့တိုင်း အသက်ရှင်သန်နေထိုင်ဖို့အတွက် စားသောက်နေကြ ပါတယ်ဆိုတဲ့ စကားကို ငြင်းနိုင်ကြလိမ့်မယ်မထင်ပါဘူး။ သေချာတာကတော့ သေဖို့အတွက် စားနေကြခြင်း မဟုတ်တာပါပဲ။ ဒါပေမယ့် အသက်ရှင်သန်နေထိုင်ဖို့အတွက် စားနေတဲ့အစားအစာတွေအချို့ကတော့ အသက်တမ်း တိုသွားစေနိုင်ကြောင်းကိုလည်း သတိပြုစေချင်လို့ ရေးခြင်းဖြစ်ပါတယ်။ သိလွန်း တတ်လွန်းလို့ ရေးနေခြင်းမျိုးတော့မဟုတ်ပါဘူး။ အသက်ရှင်ဖို့ စားနေတဲ့ အစားအစာအချို့ဟာ ချက်ခြင်း သေစေနိုင်တာမရှိ ပေမယ့် အစားအစာကို ပိုးသတ်ဆေးလိုအရာတွေဖြန်းထားကြပြီး အချိန်မပြည့်မီ ရောင်းချတဲ့အတွက် စားသုံးသူ တွေ အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဟာရမဖြစ်ပဲ ရောဂါဖြစ်စေနိုင်တဲ့ အစားအစာအများစုဟာ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေကို အသက်တိုစေနေတာ မြင်နိုင်ပါတယ်။ စိတ်ချရမှုမရှိတဲ့အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လည်းလိုပါတယ်။ အစိုးရကိုပဲ အပြစ်ထိုင်ပြောနေလို့ မဖြစ်ပါဘူး။ ကိုယ်တိုင် အသိတရားနဲ့ ဆင်ခြင်မှ ဖြစ်ပါလိမ့်မယ်။ ချက်ချင်းလက်ငင်း ရောဂါထဖြစ်တာမဟုတ်ပဲ နည်းနည်းလေးချင်းစုပြီး နှစ်အတန်ကြာတဲ့အခါမှ ကုသမရတော့တဲ့ အခြေအနေရောက်မှ ရုတ်တရက် ပေါ်ပေါက်ပြီး သေဆုံးသွားတတ် ကြတာပါ။ အန္တရာယ်ဖြစ်စေနိုင်တဲ့အစားအစာတွေကို နေ့စဉ်စားသုံးနေခြင်းဟာ လူရဲ့စွမ်းအင်တွေကို လျော့ကျ စေနိုင်ပြီး သေဆုံးသွားတတ်တယ်လို့ ထင်မိပါတယ်။


03.png


အစားအစာနဲ့ပတ်သက်ပြီးတော့ စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းတွေ ဖွဲ့စည်းထားပြီးဖြစ်ပေမယ့်လည်း ယခုအချိန်ထိတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းမရှိသေးတာ သိကြမှာပါ။ အစားအစာတွေရဲ့ လုံခြုံ စိတ်ချရမှု မရှိတာဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေရုံသာမက အသက်အန္တရာယ်ကိုပင် ထိခိုက်ပျက်စီးစေပါတယ်။ လုံခြုံ စိတ်ချရတဲ့အစားအစာတွေက ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုးတက် ကောင်းမွန်စေမှာဖြစ်ပါတယ်။ ပြည်သူလူထု နေ့စဉ်စားသောက်နေကြရတဲ့ အစားအစာတွေရဲ့ စိတ်ချရမှု အတွက် ယနေ့ခေတ်ကာလမှာ စိန်ခေါ်မှုပေါင်းများစွာဖြစ်တည်လာနေပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို အမြန်ဆုံး မဖြေရှင်းနိုင်ရင် စားသုံးသူ ပြည်သူတွေ ဆိုးဆိုးရွားရွားထိခိုက်စေမှာ ဖြစ်ပါတယ်။ စားသောက်ကုန်လုပ်ငန်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေရဲ့ စိုက်ပျိုး မွေးမြူ ထုတ်လုပ်တဲ့ အဆင့်တိုင်းအဆင့်တိုင်းဟာ အလွန်အရေးကြီးပါတယ်။ အဲဒါတွေကို သာမာန်ပြည်သူတွေအနေနဲ့ ဖြေရှင်းပေးဖို့ မလွယ်ကူနိုင်ပဲ နိုင်ငံတော်အစိုးရမှ ထိထိရောက်ရောက် ကူညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှသာ ဖြစ်ပါလိမ့်မယ်။ စားသောက်ကုန်ဖြန့်ဖြူးရောင်းချနေကြတဲ့ ဆိုင်သေး ဆိုင်မွှားလေးတွေအထိ အသိပညာပေးဆောင်ရွက်နိုင်မှ အောင်မြင်နိုင်မယ်ထင်ပါတယ်။ ထုတ်လုပ်သူများအနေနဲ့က ကိုယ့်အကျိုးစီးပွားတစ်ခုတည်းကိုသာ ကြည့်နေမယ်ဆိုရင် အဲဒီကုန်ထုတ်လုပ်သူတွေရဲ့ နောင်လာမယ့်မျိုးဆက်တွေဟာလည်း ဒုက္ခနဲ့ သေချာပေါက် ရင်ဆိုင်နေကြရမှာပဲဖြစ်ပါတယ်။ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နေကြသူအားလုံးမှာ တာဝန်ရှိနေပါတယ်။


02.png


ကလေးတွေ၊ လူငယ်တွေအကြိုက်ဖြစ်တဲ့ အချိုရည်၊ ဂျယ်လီ၊ ချိုချဉ်စတဲ့ စားသောက်ကုန်ပစ္စည်းလုပ်ငန်းတွေကို သေချာစိစစ်သင့်ပါတယ်။ အမှန်တကယ် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံကိုချစ်တယ်ဆိုရင်တော့ ငွေရတာတစ်ခုတည်း မကြည့်သင့်ပါ။ ကိုယ့်သားသမီးမြေးမြစ်တွေလည်း ဒီအစားအစာတွေကိုပဲ စားနေကြရမှာဖြစ်လို့ တစ်ချိန်ချိန်မှာ ဆိုးကျိုးတွေနဲ့ တွေ့ကြရမှာပဲဖြစ်ပါတယ်။ အခြားသောနိုင်ငံများမှာ သီးနှံတစ်ခုကို မစိုက်ပျိုးမီအချိန်ကနေ ဈေးကွက်တင်ရောင်းချတဲ့အချိန်ထိတိုင်အောင် အလေးထား ဂရုစိုက်ကြတာကို စာများတွင် ဖတ်ရှုရပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဂရုစိုက်ဖို့ထက် ငွေရဖို့ကိုပဲ ဦးစားပေးနေတာ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာတွေရဲ့ အရည်အချင်းက မညံ့ကြပါဘူး။ ညံ့နေတာက စိတ်ဓာတ်တွေပဲဖြစ်ပါတယ်။ စိတ်ဓာတ်အဆင့် အတန်းသာ တိုးတက်ကောင်းမွန်လာမယ်ဆိုရင် အာရှတင်မကပါဘူး။ တစ်ကမ္ဘာလုံးမှာ ဟိုးဟိုးကျော်သွားမှာ ဖြစ်ပါတယ်။ “အခက်ခဲဆုံးက ရွှေမြန်မာများရဲ့ စိတ်ဓာတ်တွေ အဆင့်အတန်းမြင့်လာဖို့ပဲဖြစ်နေပါတယ်။” အစားအစာတွေ သာမကပါဘူး။ အခြားအရာတွေလည်း လွယ်လွယ်နဲ့ ပေါက်ရောက်နိုင်တာ နိုင်ငံတကာက သိနေကြပေမယ့် ကျွန်တော်တို့ ရွှေမြန်မာများတော့ မသိပါလေ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့၊ အန္တရာယ်မဖြစ်စေတဲ့ အစားအစာတွေကို ကျန်းမာရေးကိုဆိုးဆိုးရွားရွား ဒုက္ခပေးမယ့် ဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေနဲ့ လူတွေကို ဆွဲဆောင်ကြတာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်ပါတယ်။ ငါးခြောက်တွေမှာ ယင်မလာအောင် ဓာတုဆေးတွေဆိုးသုံးထားတာ ယင်နားတာထက် ကျန်းမာရေးအတွက် ပိုအန္တရာယ်များလှ ပါတယ်။ အစားအစာတွေကို စိစစ်ပြီး ဥပဒေတွေနဲ့ အရေးယူ မယ်ဆိုပြီးလုပ်လည်း ခဏပါပဲ။ စဉ်ဆက်မပြတ် အရေးမယူနိုင်ကြတော့ ဒုံရင်း ဒုံရင်းပါ။ ထုတ်လုပ်သူ၊ ရောင်းချသူတွေကိုယ်တိုင်က အသိရှိရှိနဲ့ မလုပ်ကြပါမှ ဖြစ်ပါလိမ့်မယ်။


04.png


အစားအစာတွေက အန္တရာယ်ရှိကြောင်းက လူ့လောကအတွက် အလွန်အရေးကြီးပါတယ်။ ကင်ဆာဟေ့လို့ နာမည်တပ်လိုက်ရင် လူတွေက ဖိန့်ဖိန့်တုန်အောင် ကြောက်တတ်ကြပါတယ်။ ဒါပေမယ့် ကင်ဆာမဖြစ်အောင် ဒါတွေကို ရှောင်လို့ ဆိုတော့ မရှောင်ကြပါဘူး။ လမ်းဘေးမှာ တရှီးရှီး တရှဲရှဲအော်မြည်ပြီးတော့ အကင်တွေကို ရောင်းနေကြတယ်။ အဲဒါတွေကို စားရင် ကင်ဆာရောဂါရတယ်လို့ ပြောရင် နှာခေါင်း ရှုံ့တတ်ကြပါတယ်။ ခေတ်စနစ်အရ ပြောင်းလဲလာတဲ့ လူနေမှုစရိုက်တွေကြောင့် လမ်းဘေးမှာ အကင်ဆိုင်တွေ၊ ဟော့ပေါ့ဆိုင်တွေ အများအပြားပေါ်လာတယ်။ စားသောက်ဆိုင်တွေဖြစ်ပေမယ့် ကျန်းမာရေးဌာနရဲ့ ခွင့်ပြုချက်တွေ ရယူခြင်း လည်း ရှိပုံမရပါ။ အကင်စားတဲ့သူတွေမှာ ဘာတွေဖြစ်မှာမို့လဲ? ဟုတ်ကဲ့ခင်ဗျာ၊ အကင်စားတဲ့သူတွေမှာ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ မုန့်ချိုအိတ် လို့ခေါ်တဲ့ ပန်ကရိယကင်ဆာတွေဖြစ်ပါသတဲ့ဗျာ။ နည်းစနစ် မှန်ကန်စွာ ကင်မှုမရှိခြင်း၊ အပူချိန်တိကျမှုမရှိခြင်း၊ ပြန်လည်ပြုပြင်ထားတဲ့ အသားကင်တွေကို စားသုံးခြင်းတွေ ကြောင့် ကင်ဆာရောဂါကို ပိုမိုအဖြစ်များစေခဲ့တာပဲဖြစ်ပါတယ်။ ပြုပြင်ထားတဲ့ အသားတွေကို စားသုံးဖို့ မသင့်ပါ ဘူး။ အကင်ဆိုင်တွေမှာ ကြည့်ရင် လူငယ်တွေပဲများပါတယ်။ ဒါကြောင့်လည်း လူငယ်တွေမှာ ကင်ဆာ ဖြစ်ပွားနှုန်း ပိုများပြားလာတာ မြင်နေရပါတယ်။ အကင်ဆိုတာကလည်း အများအားဖြင့် ပြုပြင်ထားတဲ့ အသား တွေပဲ ဖြစ်ပါတယ်။ အရောင်လေးတွေတောင် ဆိုးထားကြပါသေးရဲ့ဗျာ။ ဒီတော့ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ ရွှေမြန်မာများဟာ နေ့စဉ် နေ့တိုင်း ကင်ဆာလို ရောဂါမျိုးတွေကို ငွေပေးပြီး ၀ယ်စားနေကြသလို ဖြစ်နေပါပြီ။ ရောဂါလည်း ဖြစ်စေတဲ့ အစားအစာ၊ အဟာရလည်း မဖြစ်တဲ့အစားအစာတွေကို သေချာစိစစ်ပြီး အရေးယူသင့်ပါတယ်။ သွေးကင်ဆာလိုရောဂါမျိုးဟာ ကြက်အူချောင်း၊ ၀က်အူချောင်းကို အများအပြားစားသုံး တတ်ခြင်းကြောင့်ဖြစ်ပါသတဲ့။ ဒီကြားထဲမှာ ဓာတုဆိုးဆေးလေးတွေများပါလာရင်တော့ ပြောစရာကို မလိုတော့။ အစားအစာနဲ့ပတ်သက်ပြီး စိတ်ချရမှုမရှိသော ပြည်သူတွေ၊ အစားအစာကြောင့် အသက်အန္တရာယ်ဖြစ်စေ နိုင်တာတွေကို ရေးမယ်ဆို ကုန်နိုင်မယ်မထင်။ ဒါ့ကြောင့် ဒီစာကိုတော့ ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါဗျာ။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

21-Nov-2018 ဗုဒ္ဓဟူးနေ့(Wednesday)