အကုန်ရှိတဲ့ နိုင်ငံ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png

ကျွန်တော်တို့နိုင်ငံက နွယ်မြက်သစ်ပင်မှန်သမျှက ဆေးဖက်ဝင်တယ်ဆိုတာကို လူတိုင်းနားလည်ကြပါတယ်။ စိုက်ပျိုးရေးသမားတွေသာမက သာမန်လူတွေပင် သိရှိနိုင်တဲ့အသိလေးပါ။ စိုက်ပျိုးရေးသမားအများစုကလည်း စီးပွားမဖြစ်နိုင်တော့ အလွယ်တကူစိုက်ပျိုးလို့ရပေမယ့် မစိုက်ပျိုးကြတာကို မြင်တွေ့ရပါတယ်။ တစ်နည်းအား ဖြင့် ဈေးကွက်မရှိဘူးလို့ပြောရမှာ ဖြစ်သလို နည်းပညာအားနည်းလွန်းနေတယ်လို့ပြောရမယ်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကလည်း ရိုးရာဆိုတာကို လက်ကိုင်ပြုပြီး အပြောင်းအလွဲဆိုရင် ကြောက်တတ်ကြတာ လည်းပါမယ်ထင်တယ်။ နိုင်ငံတကာက လူသုံးကုန်ပစ္စည်းအတော်များများကို လေ့လာကြည့်မယ်ဆိုရင် ကုန်ကြမ်းပစ္စည်းအများစုက ကျွန်တော်တို့နိုင်ငံမှာ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနေကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကုန်ကြမ်းကနေ ကုန်ချောဖြစ်ဖို့နည်းပညာ၊ ရေရှည်အထားအသိုခံနိုင်မယ့်နည်းပညာ၊ စိုက်ပျိုးရေးမှာ တွက်ခြေကိုက်အောင် စိုက်ပျိုးနိုင်မယ့်နည်းပညာ စတဲ့ စတဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ အလွန်အားနည်းနေ ဆဲပင်ဖြစ်ကြောင်းတွေ့နိုင်ပါတယ်။ သစ်ပင်မှန်သမျှအလွယ်တကူစိုက်ပျိုးနိုင်တဲ့မြေတွေပေါသလောက် ဘာမှ မလုပ်နိုင်မကိုင်နိုင်ဖြစ်နေတာကိုကြည့်ပြီး ၀မ်းနည်းမိသလို သူများနိုင်ငံတွေက ထုတ်ကုန်အဖြစ်အသုံးချနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို မြင်တိုင်း ၀မ်းနည်းမိရပါတယ်။ အခြေခံကုန်ပစ္စည်းတွေပေါမှပေါ တဲ့နိုင်ငံဖြစ်နေပြီးတော့ နည်းပညာထောက်ပံ့ပေးဖို့ပဲ လိုအပ်နေတယ်။ နည်းပညာအထောက်အပံ့တွေသာ ရရှိခဲ့မယ်ဆိုရင် ဘယ်လို အပင်အမျိုးအစားကိုမဆု အလွယ်တကူနဲ့ များများစားစား ထုတ်လုပ်နိုင်မှာအသေအချာပါပဲ။ ဒါပေမယ့်ခုချိန်ထိ တော့ ယောင်ဝါးဝါးအဆင့်နဲ့ သူများနိုင်ငံကိုသာ ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့တင်ပို့ပေးနေရပြီး သူတို့နိုင်ငံက ကုန်ချောပစ္စည်းတွေကို အဆမတန် ဈေးကြီးကြီးနဲ့ ၀ယ်သူနေရတာကို မြင်ရတဲ့အခါ ကိုယ့်လူမျိုးတွေအတွက် ရင်နာမိပါတယ်။ အကုန်ရှိနေတယ် ဒါပေမယ့် လိုအပ်တဲ့ နည်းပညာမရှိသေးဘူး။


05.png

မြန်မာနိုင်ငံမှာ ပေါက်ရောက်တတ်တဲ့ သဘာဝပေါက်ပင်အများစုကိုက ဆေးဖက်ဝင်တယ်။ အဲဒီဆေးဖက်ဝင် တာကိုလည်း လူအများအနေနဲ့သိကြပါတယ်။ ဆေးဖက်ဝင်တယ်ဆိုတာကို အသုံးချတဲ့အခါမှာတော့ ကျွန်တော်တို့လူမျိုးရဲ့ ထုံးစံအတိုင်း ဆေးမြီးတို ပြောပြော ဆေးနည်းတိုလို့ပဲခေါ်ခေါ် အဲဒီအဆင့်လောက်နဲ့ပဲ ပြီးသွားကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းပြီး ပြောပြနေကြတာပဲရှိပါတယ်။ အများစု အကျိုးဖြစ်ထွန်းနိုင်အောင် ဆေးဖော်စပ်ခြင်း၊ လူသုံးကုန်ပစ္စည်းများမှာ ထည့်သွင်းအသုံးချနိုင်ခြင်းမရှိပါဘူး။ ဒါကလည်း နည်းပညာလိုအပ်ချက်တွေကြောင့်ဖြစ်ပါတယ်။ နည်းပညာသာ ရရှိမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးသမားတွေအတွက် အလွန်အဆင်ပြေနိုင်မယ်ထင်ပါတယ်။ နိုင်ငံတကာမှာက ဆေးပစ္စည်းတွေ လူသုံးကုန်ပစ္စည်းတွေကို ကြည့်မယ်ဆိုရင် ကုန်ကြမ်းပစ္စည်းအများစုက ကျွန်တော်တို့နိုင်ငံက အပျင်းပြေစိုက်တဲ့ အပင်တွေက အများကြီးဖြစ်နေတတ်ပါတယ်။ အလှကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေမှာသာမကတော့ပါဘူး။ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်နေတဲ့သူတွေနဲ့ အပြန်အလှန် ချိတ်ဆက်ပြီး ဈေးကွက်တွေရှာ မယ်၊ နည်းပညာအကူအညီတွေရအောင် လုပ်ကြမယ်ဆိုရင် ဖြစ်နိုင်မယ်ထင်ပါတယ်။ ဒါကလည်း အဖွဲ့အစည်းပုံစံနဲ့လုပ်ကိုင်ကြမှသာ အဆင်ပြေနိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့ရွှေမြန်မာများရဲ့ အကျင့်က လည်း သိတဲ့အတိုင်းပဲ၊ လူများလာရင် ပြဿနာပါများများလာတတ်တဲ့လူမျိုး ဖြစ်လေတော့ အဖွဲ့အစည်းနဲ့ လုပ်တတ် ကိုင်တတ်ဖြစ်အောင် အတော်ကြိုးစားယူကြရမယ်ထင်ပါတယ်။ အဖွဲ့အစည်းရဲ့ အကျိုးရှိပုံတွေကို နားမလည်ကြသေးတာလည်းဖြစ်ပါလိမ့်မယ်။ အခုဆိုရင် လူငယ်အများစုဟာ အဖွဲ့အစည်းတွေနဲ့ ကိုယ့်နိုင်ငံက ထွက်တဲ့ အသီးအနှံတွေကိုလည်း ရေရှည်အသုံးပြုနိုင်အောင် နည်းပညာတွေနဲ့ပြုပြင်လာကြတာကို မြင်တွေ့ရပါတယ်။ အားရစရာလည်းကောင်းလှပါတယ်။ ကိုယ်မလုပ်နိုင်ပေမယ့် သူများတွေလုပ်နေတာကိုမြင် တော့ အားလည်းကျမိပါရဲ့။ ဂုဏ်လည်းယူမိပါရဲ့ဗျာ။


03.png


တစ်နေ့က မန္တလေးကို ဈေးဝယ်သွားရင်းနဲ့ Mandalay Business Forum 2018 ကို မန္တလေးမြို့၊ သိပ္ပံလမ်းမှာ ရှိတဲ့ Mandalay Convention Centre မှာ (၃)ရက်ကျင်းပနေတယ်ဆိုတဲ့သတင်းကြားတာနဲ့ ဘာရယ်မဟုတ် ၀င်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ပြခန်းအတော်များများကို ပြသထားတာကိုလည်းတွေ့ပါတယ်။ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံကထွက်တဲ့ ကုန်ပစ္စည်းတွေ၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းတွေ၊ လယ်ယာ ထွက်ကုန်ပစ္စည်းတွေနဲ့ နိုင်ငံရဲ့အလားအလာရှိတဲ့လုပ်ငန်းအတော်များများကို ခင်းကျင်းပြသခဲ့တာဖြစ်ကြောင်း တွေ့ရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ စီးပွားရေးအဆက်အသွယ်တွေရရှိစေဖို့အတွက်လည်း ရည်ရွယ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီလိုပွဲမျိုးတွေကို လက်ရှိ လုပ်ငန်းလုပ်ကိုင်နေသူတွေအနေနဲ့ အမှန်တကယ် သွားရောက်လေ့လာသင့်တယ်လို့လည်း ထင်မိပါတယ်။ အကျိုးလည်းရှိပါတယ်။ ထန်းရည်ချိုကို ရေသန့်ပုလင်း လေးတွေထဲမှာ ထည့်ပြီးကြာရှည်ခံအောင် လုပ်ထားတာလေးတွေ၊ ထန်းသီးဆံကို ကြာရှည်ခံအစားအစားအဖြစ် ပြောင်းလဲအသုံးပြုထားတာလေးတွေကိုတောင် မြင်ခဲ့ရပါသေးတယ်။ တကယ်အားရမိပါတယ်ဗျာ။ မြန်မာနိုင်ငံက ပစ္စည်းဆိုရင် ဘာပစ္စည်းနေနေ၀ယ်မယ်လို့ဆိုခဲ့ကြတဲ့ နိုင်ငံခြားတိုင်းပြည်များတောင် ရှိခဲ့ပါတယ်။ လိုအပ်တဲ့ပစ္စည်းကို လိုအပ်တဲ့အရေအတွက်ရအောင် မပို့ပေးနိုင်ကြလို့ အလုပ်မဖြစ်ခဲ့ကြတာမျိုးတွေကို ကြားဖူး ခဲ့ပါတယ်။ ခုချိန်မှာတော့ စက်ပစ္စည်းတွေရဲ့အကူအညီနဲ့ အရေအတွက်ကိုမှာသလောက်ရနိုင်လိမ့်မယ်လို့လည်း ထင်မိပါတယ်။ အဲဒီပြပွဲမှာ ကားတွေ၊ လယ်ယာသုံးစက်ကရိယာတွေ၊ ရေတင်စက်တွေစတဲ့ သူများနိုင်ငံထုတ် ပစ္စည်းအများစုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ စက်ပစ္စည်းတွေထက် စိုက်ပျိုးရေးကိုအဓိကထားခဲ့တဲ့နိုင်ငံဖြစ် လေတော့ စိုက်ပျိုးရေးနဲ့ပဲ ကမ္ဘာကို ထိုးဖောက်သင့်တယ်ထင်ပါတယ်။ ဒါတွေကလည်း ကျွန်တော့်အထင်တွေသာဖြစ်ပါတယ်။


04.png


ဒန့်သလွန်၊ ရှားစောင်းလက်ပတ်၊ အောင်မဲညို၊ အောင်မဲဖြူ၊ ဆနွင်းမျိုးနွယ်စုများ၊ ရဲယို၊ ဗန်ဒါ စသဖြင့် အိမ်တွေမှာ အလှစိုက်၊ အပျင်းပြေစိုက်တတ်ကြတဲ့ အပင်မျိုးစုံကပင် ဆေးအသုံးဝင်လျှက်ရှိကြပါတယ်။ ယခုတစ်လောမှာ ခေတ်ထလာကာ ဈေးကွက်ရှာဖွေနေတဲ့ ကျွန်တော်သိထားတဲ့ အပင်နှစ်မျိုးရှိပါတယ်။ အဲဒါတွေကတော့ ဒန့်သလွန် နဲ့ အောင်မဲညို တို့ဖြစ်ပါတယ်။ ဈေးကွက်ကို ရှာဖွေနေပေမယ့်လည်း ပြည်တွင်းမှာ ဒန့်သလွန်ပင်ဆိုတာ နေရာအနှံ့ အလွယ်တကူမြင်တွေ့နိုင်သလို ဒန့်သလွန်သီးဆိုတာကလည်း ဈေးမှာ ပေါပေါ များများရောင်းနေကြတော့ ဆေးအဖြစ်စားသုံးဖို့ကြတော့လည်း ၀ယ်လိုအား မရှိဖြစ်နေတယ်ထင်ပါတယ်။ နောက်အောင်မဲညိုလည်း အတူတူပဲဖြစ်လိမ့်မယ်ထင်တယ်။ ဒန့်သလွန်ဆိုတာကလည်း နေရာအနှံ့အလွယ် တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြတာကိုတွေ့နိုင်ပါတယ်။ ဒန့်သလွန်တစ်ပင်လုံးက ကျန်းမာရေးအတွက် အလွန်အသုံးတည့်တယ်လို့လည်း ဆေးကျမ်းများမှာ ဖော်ပြထားပေမယ့် ကျွန်တော်တို့အနေနဲ့ကတော့ ချဉ်ရည် ချက်သောက်ဖို့နဲ့ ဟင်းချိုခပ်သောက်ဖို့လောက်ပဲ လုပ်တတ်ကြပါတယ်။ နိုင်ငံအတော်များများမှာတော့ ဒန့်သလွန်စေ့အခြောက် နဲ့ ဒန့်သလွန်အရွက်အမှုန့်တွေကို ဈေးကြီးကြီးပေးဝယ် စားသုံးနေကြတယ်လို့ ဆိုပါတယ်။ အဲဒီဈေးကွက်ကိုသာ မြန်မာလူမျိုးများ ရရှိနိုင်မယ်ဆိုရင် ဒန့်သလွန်စိုက်တာနဲ့တင် နိုင်ငံခြားငွေ အလုံးအရင်း ရရှိစေနိုင်မယ်လို့လည်း ထင်ပါတယ်။ အောင်မဲညိုအပွင့်ဆိုရင် ဒီအတိုင်းလည်း ရေနွေးစိမ်သောက် တယ်၊ ထမင်းနဲ့လည်းရောချက်စားတယ်၊ ရေခဲမုန့်၊ ကိတ်မုန့်၊ ဂျယ်လီ စတဲ့ အစားအသောက်တွေထဲမှာလည်း ထည့်သွင်းအသုံးချနေကြောင်းကို တွေ့ရပါတယ်။ ရေးမယ်ဆိုရင်တော့ အများကြီးရှိနေပါလိမ့်မယ်။ ဒါလောက်နဲ့ပဲ ရပ်နား ခွင့်ပြုပါဗျာ။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

13-Nov-2018 အင်္ဂါနေ့(Tuesday)