အိမ်ရှင်ဆိုး အိမ်ရှင်ကောင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူ့လောကမှာ လူရယ်လို့ဖြစ်လာကိုက ဒုက္ခလို့ ပြောကြတယ်မဟုတ်လား။ လူဖြစ်နေတာကိုက ဒုက္ခလို့ ခံယူ ထားပြီးမှတော့ ဒုက္ခဆိုတာကြီးကို ကြောက်လန့်နေရတာ မဟုတ်သေးဘူးထင်တယ်။ ဒုက္ခတောမှာ ဖြစ်လာမှ တော့ ဒုက္ခကို စာဖွဲ့နေစရာ လိုမယ်မထင်တော့ဘူး။ ဒီတော့ ဒုက္ခဆိုတာ ဘာကောင်ကြီးလည်းဆိုတာ သိသလားလို့ မေးမယ်ဆိုရင်လည်း ဘာကောင်းကြီးမှန်းမသိဖြစ်နေပြန်ပါလေရော။ အကောင်အထည်အနေနဲ့ ဖော်ပြစရာမှ မရှိပေပဲကိုး။ အကောင်အထည်ရှိတယ်ဆိုရင်လည်း ဆော်ပလော်တီးပစ်လိုက်လို့ရသေးရဲ့။ ခုတော့ ဘာမှန်းမမြင်ရပဲနဲ့ ရမ်းသမ်းပြီးကြောက်နေရတဲ့ လူ့ဘ၀၊ အော် အဲဒါလည်း ဒုက္ခပဲနေမှာပဲ။ ဒီတော့ စဉ်းစားမိတာက ဒုက္ခဆိုတာ မြင်လည်းမမြင်ရ၊ ဆော်ပလော်တီးပစ်လိုက်လို့လည်းမရပဲနဲ့ ရမ်းသမ်းပြီး ဒုက္ခဆိုတဲ့ အကောင်ကြီးကို ရမ်းသမ်းကြောက်နေရတာ မဟုတ်သေးဘူးလို့ထင်မိလာတယ်။ ဒုက္ခ ဆိုတာကို အဖြေရှာကြည့်ရင် မကောင်းတာတွေဖြစ်လာရင် ဒုက္ခလို့ပဲအလွယ်မှတ်နေမိတယ်။ ကောင်းတာတွေဖြစ်လာရင် ဒါကို သုခ ပေါ့လေ။ အမယ်သူ့ဟာနဲ့ သူတော့ ဟုတ်နေသဗျို့။ ထင်ရာမြင်ရာ စိတ်ကူးတည့်ရာ ရမ်းသမ်းရေး နေတာ အဟုတ်ထင်မနေကြနဲ့အုံးနော်။ ဘာရေးရမယ်မှန်းမသိတော့ ထင်ရာမြင်ရာ ရေးတင်မိတာပါ။ ဒါပေမယ့် ဒုက္ခကို ထင်ရာမြင်ရာရေးနေတာဖြစ်ပေမယ့် နည်းနည်းတော့မှန်မှာပါ။ လုံးလုံးကြီးတော့ မလွဲလောက်ပါဘူး။ ထောက်ခံနိုင်ကြရဲ့မဟုတ်လား။ မထောက်ခံလည်း ဆက်ရေးရမှာပဲ ☺။
ကျွန်တော်တို့ဘ၀ခရီးလမ်းမှာ ဘယ်အချိန်တွေ ဒုက္ခဆိုတာနဲ့ တွေ့တတ်သတုံးလို့ စဉ်းစားမိပြန်တော့ ကိုယ်ဖြစ် ချင်တိုင်းမဖြစ်တဲ့အချိန်တွေ၊ ကိုယ်လုပ်ချင်တိုင်းလုပ်မရတဲ့အခါတွေမှာ ဒုက္ခတော့ဖြစ်ကုန်ပြီလို့ ငြီးငြူတတ်ကြ တယ်လို့ထင်တာပဲ။ တနည်းအားဖြင့်ဆိုရင်တော့ အဆင်မပြေမှုတွေ၊ ကျရှုံးမှုတွေ၊ မျှော်လင့်ချက်တွေ ဖြစ်မလာတဲ့အခါမှာ ဆက်ပြီး ကြိုးစားအားထုတ်ချင်စိတ်တွေ ကုန်ဆုံးသွားတတ်ကြပါတယ်။ အဲဒီမှာ ဒုက္ခနဲ့ တွေ့ရတာပဲလို့ထင်ပါတယ်။ ဖြစ်ရမယ်၊ အရှုံးမပေးဘူး၊ မျှော်လင့်ချက်ရှိတယ်၊ ဆက်ပြီးကြိုးစားမယ်ဆိုတဲ့ စိတ်တွေလျော့နည်း ပျောက်ဆုံးကုန်ခြင်းက ဒုက္ခနဲ့တွေ့ဖို့ အကြောင်းဖန်လာတယ်လို့ထင်တယ်။ အဲဒီစိတ်တွေ မပျောက်ဆုံးအောင် ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ဒုက္ခနဲ့ သိပ်ပြီး မျက်နှာကြောတယ်မယ်မဟုတ်ပေဘူး။ ဒုက္ခဆိုတာကလည်း ဧည့်ခံကောင်းတဲ့ အိမ်ရှင်တွေဆီကို မျှားဦးလှည့်သွားလာ လည်ပတ်တတ်တယ်ထင်ပါ တယ်။ မျက်နှာကြောတင်းတင်းနဲ့ ဆက်ဆံပြီး မောင်းထုတ်နေတဲ့ အိမ်ရှင်တွေဆီကို ယောင်လို့တောင် ခြေဦးလှည့်လိုက်မယ်မထင်ဘူး။ သူလည်း အကောင်အထည်သာမရှိတာ မျက်နှာချိုသွေးတာတော့အတော် ကြိုက်မယ်။ သူ့ကို အိမ်ပေါ်လက်ခံထားပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံနေရင် အဲဒီ ဒုက္ခဆိုတဲ့အကောင်ကြီး ဘယ်မှ မသွားပဲ ကိုယ့်ဆီမှာပဲ တစ်သက်လုံးနေသွားလိမ့်မယ်ထင်တယ်။ ဒီတော့ အဲဒီအကောင်ကြီး အလာမခံ နဲ့။ လာရင်လည်း တုတ်တွေ ဘာတွေဆွဲ ရိုက်နှက်ပြီး မောင်းသာထုတ်ပစ်လိုက်ပေတော့။ ဒါဆိုနောက်လာမယ် မထင်တော့ဘူး။
ဧည့်ခံကောင်းတဲ့အိမ်ရှင်ဆိုတာ “သွားပါပြီ… ငါ့ဘ၀တော့ ရေစုန်မျောပါပြီ… ဒီဘ၀ ဒီမျှပဲထင်ပါတယ်… ဒီတောင် ကို မောင်မကျော်နိုင်တော့ပါဘူး” ဆိုပြီး ငြီးတွားနေတဲ့သူတွေက ဒုက္ခကို ဧည့်ခံကောင်းတဲ့ အိမ်ရှင်တွေပဲ ဖြစ်လိမ့်မယ်။ ဧည့်ခံ မကောင်းတဲ့ အိမ်ရှင်တွေကတော့ “လာစမ်းပါ… နင်လားဟဲ့ဒုက္ခ… ဘာလို့အဆင်မပြေ ရမှာလဲ… ဘယ်တော့မှ ရေစုန်အမျောမခံဘူး… ငါလုပ်နိုင်တယ်ကွ” စတဲ့ စကားလုံးတွေနဲ့ အားမာန်မလျော့ပဲ နေတတ်သူတွေက ဒုက္ခကို အိမ်ပေါက်ဝမှာတင် ၀ါးရင်းတုတ်နဲ့ ဆော်ပလော်တီးနေတဲ့ အိမ်ရှင်ဆိုးတွေ ဒုက္ခကို ဧည့်မခံတဲ့ အိမ်ရှင်တွေပဲဖြစ်မယ်။ ဖြစ်ပြီးသမျှကို နောင်တရ မှားလေခြင်း လုပ်နေတာထက် ဘာကြောင့် မှားသလဲ ဆိုတာကို အဖြေထုတ်၊ လာတဲ့ဒုက္ခ အသေအုပ်တာက မသေသေးသမျှ အနေအေးစေမယ်လို့လည်း ထင်မိသဗျ။ ကျွန်တော်တို့လည်း ဘ၀ခရီးမှာ ၀ါရင့်ခရီးသည်တွေ မဟုတ်လေတော့ ရှေးရှေးက ပြောခဲ့ကြ ဆိုခဲ့ကြ မှာခဲ့ကြတာတွေထဲက ကိုယ်နဲ့ကိုက်တာယူ ဒါက ဒီလိုတဲ့ဆိုတာလေးတွေကို မှတ်သား၊ သူများအမှား ကိုယ်လိုက်မမှားဖို့ ကြိုးစားအားထုတ်နေဆဲပဲဖြစ်လို့ စကားလုံးတွေမှားရင် မှားနေနိုင်ပါတယ်။ သိသမျှတွေကို အတိအကျ မဟုတ်ပေမယ့် သိသလောက်လေးနဲ့ ဒါက ဒီလို ဒီလို ဆိုတာတွေနဲ့ အချင်းချင်း ရိုင်းပင်းကူညီ ဖေးမကာ ခရီးဆက်နေကြရတာပါပဲ။ လူ့ဘ၀ခရီးအစကိုက ဒုက္ခလို့ ဆိုမှတော့ အဆင်ပြေပြေ ချောချော မွှေ့မွှေ့နဲ့ ဘယ်ဖြစ်ဖို့ လွယ်လိုက်လိမ့်မတုံး။ ကြိုးစား ရုန်းကန်ပြီး နိုးကြားနေရတာ ထုံးစံပဲမဟုတ်လား။ ကဲ ကဲ ရေးချင်ရာတွေ ရေးပြီးပါပြီ။ အဲဒီတော့ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတွေအနေနဲ့ ဒုက္ခ နဲ့တွေ့တဲ့အခါ အိမ်ရှင်ကောင်းအဖြစ်ရပ်တည်မလား ဒါမှမဟုတ် အိမ်ရှင်ဆိုးအဖြစ်နဲ့ရပ်တည်မလားဆိုတာကတော့ ချစ်မိတ်ဆွေတို့ရဲ့ သဘောအတိုင်းဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားပါရစေတော့။
ရေးသားသူ (Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
7-7-2019 တနင်္ဂနွေနေ့(Sunday)