အရေးကြီးတာ စိတ်ကောင်းထား

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်တဲ့အခါမှာ ဒေါသ၊ မောဟ၊ မာန်မာန စတဲ့ အကုသိုလ်တရားတွေနဲ့ နပမ်းလုံးနေရတဲ့အချိန်က ပိုများနေတယ်။ အကုသိုလ်မများရအောင်လို့ လူတောထဲ မတိုးပဲ တစ်ကိုယ်တည်းနေဖို့ကလည်း မဖြစ်နိုင်သေး။ တစ်ကိုယ်တည်းနေနိုင်သူတွေအဖို့တော့ အကုသိုလ်တွေ နည်းပါးနိုင်တာပေါ့။ ကုသိုလ်လုပ်နေရင်းနဲ့လည်း အကုသိုလ်က ၀င်လာတတ်သေးတယ်။ ကုသိုလ်လုပ်တိုင်း လည်း ကုသိုလ်သက်သက် လာတာမဟုတ်ဘူး။ အကုသိုလ်တွေလည်း ရောပါလာတာပဲ။ စိတ်ထားမတတ်ရင် တော့ နတ်ပြည်မရောက် ငရဲရောက်နိုင်တာ သေချာတယ်။ ဒီတော့ စဉ်းစားမိတာလေးတစ်ခုက ဘာပဲလုပ်လုပ် ဘယ်နေရာမှာပဲနေနေ စိတ်ထားတတ်ဖို့ အလွန်အရေးကြီးတာကို စဉ်းစားမိတယ်။ စိတ်ထားမတတ်ရင်တော့ ပြဿနာတွေ၊ အကုသိုလ်တွေနဲ့ နပမ်းလုံးနေရမှာဖြစ်ပြီး ငရဲကို တစ်နေ့အကြိမ်ပေါင်းများစွာ မျက်စောင်းထိုး နေသလိုဖြစ်နေတတ်သေးတယ်။ မည်သည့်ကိစ္စရပ်မှာမဆို စိတ်ကဦးဆောင်ကြောင်းကို လူအများသိရှိကြပါ တယ်။ အဲဒီလိုအမြဲတမ်းဦးဆောင်နေတဲ့စိတ်က အကောင်းစိတ်လား အဆိုးစိတ်လားဆိုတာကိုတော့ မဝေခွဲကြ ပါဘူး။ တကယ်တော့သတိလေးထားပြီး အကောင်းစိတ်ဘက်ကို ပြောင်းယူသင့်ပါတယ်။ စိတ်ဆိုးတယ် ဒေါသ ထွက်တယ်ဆိုတာကို တားလို့မရပါဘူး။ မထွက်နဲ့ကွဆိုပြီး ဇွတ်ပိတ်ထားလို့လည်းမဖြစ်ပါဘူး။ ဒီတော့ ဘာလုပ် နိုင်သလဲဆိုရင် ထွက်လာတဲ့ဒေါသ ဆိုးနေတဲ့စိတ်ကို အသိလေးနဲ့ထိန်းသိမ်းလိုက်ရင် အကောင်းစိတ်ဖြစ်လာ နိုင်ပါတယ်။ ဘာလုပ်လုပ် စိတ်က ဦးဆောင်တတ်လေတော့ အသိနဲ့ မထိန်းချုပ်ရင်တော့ အကောင်းစိတ် မရနိုင် တော့ပါဘူး။ ပြဿနာပေါင်းစုံလည်း တက်လာနိုင်ပါတယ်။ မောင်နှမသာချင်းတွေ အချင်းချင်း စကားလေး တစ်ခွန်းနဲ့ အကြီးအကျယ်ရန်ဖြစ်ကြတာလည်း ထွက်လာတဲ့ ဒေါသကို အချိန်မီ ဘရိတ်မဖမ်းကြလို့ပဲဖြစ်ပါ တယ်။


02.png


ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး စည်းကမ်းသတ်မှတ်ချက်မှာ ပထမဆုံးအချက်က “စိတ်ကောင်းရှိဖို့က ပထမ” ဆိုတဲ့အချက် ဖြစ်ကြောင်းလူတိုင်းသိကြမယ်ထင်ပါတယ်။ ဘာကြောင့် ပထမ ဆုံးစည်းကမ်းချက်က စိတ်ကောင်းရှိရမလဲဆိုတာတော့ တွေးကြလိမ့်မယ်မဟုတ်ပါဘူး။ စိတ်ကောင်းရှိဖို့ ပထမ တဲ့ ကောင်းလိုက်တဲ့စာ ကောင်းလိုက်တဲ့စည်းကမ်း ကောင်းလိုက်တဲ့အဆုံးအမဆိုပြီးတော့ ချီးမွမ်းခန်းဖွင့်တတ် ကြပေမယ့် ကိုယ်တိုင်ကတော့ စိတ်ကောင်း ရှိမရှိ မတွေးမိတတ်ပါဘူး။ အလုပ်တွေဘယ်လိုကောင်းကောင်း၊ ပညာတွေဘယ်လောက်တော်တော်၊ ပစ္စည်းဥစ္စာဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ စိတ်ကောင်းမရှိ စိတ်ဆိုး စိတ်ယုတ်ပဲ မွေးမြူနေမယ်ဆိုရင်တော့ လူ့လောက ကောင်းကျိုးကို ဘယ်လိုမှ ဖြစ်ထွန်းတော့မယ် မဟုတ်ပါ။ စိတ်ဆိုး စိတ်ယုတ်ရှိသူရဲ့ လုပ်ရပ်ရဲ့ နောက်ကွယ်ဟာ အလွန်ကြောက်စရာကောင်းတတ်သလို လူအများကို လည်း ဒုက္ခဖြစ်စေတတ်ပါတယ်။ ယနေ့ခေတ်ကာလမှာဆိုရင် ဘယ်သူတေတေ ငတေမာ ပြီးရော ဆိုသော တစ်ကိုယ်ကောင်း ဆန်ဆန် ကျင့်သုံးတတ်တဲ့သူတွေ ပိုမိုများပြားလာတာကို မြင်တွေ့နိုင်ပါတယ်။ ဘယ်သူမှ မသိနိုင်ဘူးဆိုပေမယ့် ကိုယ်လုပ်တဲ့အလုပ်ကိုတော့ ကိုယ်တိုင်က သိနေပါတယ်။ မဟုတ်တာကို သိနေသော်လည်း မသိချင်ယောင်ဆောင် လုပ်ကိုင်နေနိုင်ခြင်းက စိတ်ဆိုး စိတ်ယုတ် ရှိသူသာဖြစ်ပါလိမ့်မယ်။ တကယ့်တကယ်တွင် ကိုယ်တိုင်က စိတ်ဆိုး စိတ်ယုတ်ရှိနေပါက ကိုယ့်ကိုယ်ကို မလေးစားနိုင်သလို၊ အခြားသူများ ကလည်း လေးစားဖို့မဖြစ်နိုင်ပါဘူး။ မိသားစုတစ်ခုအတွင်းမှာ မွေးဖွားလာခဲ့သူချင်းအတူတူမှာပင် စိတ်ထားပုံများ မတူညီကြတာကို မြင်တွေ့နိုင်ပါတယ်။ စိတ်ဆိုး စိတ်ယုတ်ရှိမှန်း မသိခင်မှာတော့ အဆက်အဆံ ပြုလုပ်ကြမည်ဖြစ်ပေမယ့် သိသွားတဲ့အချိန်မှာတော့ အဆက်အဆံ လုပ်ကြတော့မှာ မဟုတ်တာ သေချာပါတယ်။ ကိုယ့်ကို မတရားတာ လုပ်ရင် မကြိုက်သလိုပဲ အခြားသူများကို မတရားတာလုပ်ရင် ကြိုက်မှာမဟုတ်ပါဘူးလို့ စဉ်းစားနိုင်မယ်ဆိုရင် လူ့လောကြီးက သာယာပျော်ရွှင်နိုင်မှာ အမှန်ပါပဲ။


03.png


မလုပ်ကောင်း မလုပ်သင့်သောအရာတို့ကို ကိုယ့်အကျိုးစီးပွားတစ်ခုတည်းအတွက် မမှန်ကန်သောပစ္စည်းများကို အရောအနှောတွေနဲ့ ရောင်းချလာကြတာ အများအပြားပင်ဖြစ်ပါတယ်။ နောင်သံသရာတွင်လည်း ကောင်းကျိုး မရှိ။ ယခုလက်ရှိဘ၀တွင်လည်း လူအများစုကို ဒုက္ခဖြစ်စေတတ်ပါသည်။ မကောင်းသောစိတ်ဖြင့် ရှာဖွေလှူဒါန်း သော အလှူဒါန၊ သီလဆောက်တည်၊ ဘာဝနာကမ္မဌာန်း စတဲ့အလုပ်တွေမှာလည်း ကောင်းကျိုးမရနိုင်ကြောင်း ဘာသာတရားစာများတွင် ရေးသားမှုများလည်း များပြားလှပါတယ်။ သီလမလုံမခြုံဖြင့် ရှာဖွေထားသော ပစ္စည်း ဥစ္စာတို့ဖြင့် အလှူပြု သီလဆောက်တည်ချိန်တွင် သီလတရားကို လိုက်လံဆိုနိုင်လျှင် ထိုသူ ကံကောင်းနေသေး တယ်လို့ ပြောရမယ်ထင်ပါတယ်။ စိတ်ကောင်းမရှိခြင်းရဲ့ နောက်ဆက်တွဲများဟာ အများအပြားရှိနေနိုင်ပါတယ်။ ယခုအခါမှာ အစားအသောက်အတုတွေပိုမိုပေါများလာကြောင်းကို မကြာခဏ မြင်ရ တွေ့ရ ကြားနေရပါတယ်။ အဲဒီအစားအသောက်အတုတွေကြောင့် မိမိတို့ရဲ့ ဆွေမျိုးသားချင်းများ ဘယ်နှစ်ယောက်လောက်များ ဇီဝိန်ကြွေ ခဲ့ရပြီလဲဆိုတာကိုလည်း သိရှိနိုင်မှာ မဟုတ်ပါဘူး။ စိတ်ကောင်းရှိသူပဲဖြစ်ဖြစ် စိတ်ဆိုး စိတ်ယုတ်ရှိသူပဲဖြစ်ဖြစ် အဲဒီရဲ့ အကျိုး အပြစ်ကို သံသရာအထိသယ်ဆောင်ကြရမှာဖြစ်ပါတယ်။ သံသရာပါမယ့် အကြောင်းတရားများ ဖြစ်ပါတယ်။ တစ်ဘ၀ တစ်ခဏတာ ကောင်းစားရေးအတွက် သံသရာအထိ သယ်ယူသွားချင်သူများကိုလည်း အံ့သြမကုန်ဖြစ်မိပါတယ်။ အစားအသောက်အတုတစ်ခုကြောင့် လူအသက်ပေါင်းများစွာကို သတ်ဖြတ်လိုက် သလို ဖြစ်နေခြင်းဟာ သူတစ်ပါးကို သတ်နေတဲ့ လူသတ်သမားတစ်ယောက်လည်းဖြစ်နေကြောင်းကို သတိမှရကြပါလေစ။ ကိုယ့်သားသမီး ကိုယ့်ဆွေမျိုးကို ထိခိုက်ချိန်ကြမှာ လက်သီးလက်မောင်းတန်းတတ်တာ စိတ်ဆိုး စိတ်ယုတ်ရှိသူတွေသာ ဖြစ်ပါလိမ့်မယ်။


04.png


စိတ်ဆိုသောအရာသည် ဗုဒ္ဓဘာသာတရားများအရ အာရုံကိုသိခြင်းသဘောသာရှိပါသည်။ စိတ်ချည်း သက်သက်သည် အကောင်း အဆိုးကို မပြုနိုင်တာကိုလည်း သိရပါတယ်။ သူ့ကို ကောင်းအောင်လေ့ကျင့်ပေး ထားရင် ကောင်းတာကို ညွှန်ပြပေးတတ်ပြီး မကောင်းတာကို လေ့ကျင့်ပေးထားရင် မကောင်းတာကို ညွှန်ပြပေး တတ်မှာဖြစ်ပါတယ်။ စိတ်ကို စည်းကမ်းတကျဖြစ်စေမယ်ဆိုရင် အလွန်အကျိုးများတတ်လို့လည်း စာတွေမှာ ဖတ်ဖူးပါတယ်။ လက်တွေ့မှာလည်း အမှန်ဖြစ်နိုင်ပါတယ်။ အရာရာကို စိတ်ကပဲ ဦးဆောင်နေတာဖြစ်လေတော့ မကောင်းတာလုပ်မယ်ဆိုရင်လည်း စိတ်က အရင်တွေးတောသလို ကောင်းတာလုပ်မယ်ဆိုရင်လည်း စိတ်က အရင် တွေးရတယ်။ စိတ်အကြောင်းကို အနောက်တိုင်းပညာရှင်တွေအများအပြားလည်း လေ့လာကြတယ်။ ထုတ်ဖော်ကြတယ်ဆိုတာ ကြားနေ မြင်နေကြရတာပါပဲ။ စိတ်ရဲ့ ထက်မြက်လှတဲ့ စွမ်းအားတွေကိုတော့ လူတိုင်းက ပိုင်ဆိုင်ချင်ကြပါလိမ့်မယ်။ စိတ်ကို လေ့ကျင့်ဖို့တော့ သိပ်စိတ်မ၀င်စားတတ်ကြပါ။ တိုတောင်းလှတဲ့ လူ့ဘ၀ကို ရောက်လာကြတဲ့အချိန်ခဏလေးမှာ စိတ်ထားကောင်းကောင်းထားရှိနိုင်မှ အရင်းမရှုံးပဲ နေနိုင်မယ် ထင်ပါတယ်။ စိတ်ကောင်းထားနိုင်မှလည်း အရာရာကို ကောင်းကျိုးရအောင် စွမ်းဆောင်နိုင်ပါတယ်။ လူတိုင်းမှာ လောဘဆိုတာ ရှိကြပါတယ်။ အနည်း အများပဲ ကွာခြားပါလိမ့်မယ်။ စိတ်ကောင်းရှိသူတွေအနေနဲ့ကတော့ လောဘနည်းနိုင်ပြီး စိတ်ဆိုး စိတ်ယုတ်ရှိသူတွေအနေနဲ့ကတော့ ပိုပြီးလောဘကြီးတတ်ပါတယ်။ လောဘကြီး ရင် လောကကြီးလည်း ပျက်စီးတတ်ပါတယ်။ ဒီတော့ စိတ်ကောင်းရှိဖို့ ပထမ လို့ ဆုံးမစကား ထားရှိခဲ့သလိုပဲ ယနေ့မှစပြီး စိတ်ကောင်းထားနိုင်အောင် ကြိုးစားသင့်လှပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

12-Nov-2018 တနင်္လာနေ့(Monday)