အကျင့်ဆိုးတစ်ခု

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မကြာခဏ ကြားနေရသောစကားလုံးများကို စဉ်းစားမိရာကနေ ဒီစာကိုရေးချင်စိတ်ပေါက်သွားပါတယ်။ လူတိုင်းလည်း မကြာခဏကြားဖူးကြပါလိမ့်မယ်။ နေ့စဉ်မဟုတ်တောင် မကြာခဏဆိုသလို ကြားနေမိတော့ စဉ်းစားလာမိတာမဆန်းဘူးလို့တော့ထင်ပါတယ်။ ချီးကျူးတဲ့စကားတွေမဟုတ်ပဲ အပြစ်တင်ပြောဆိုနေတတ် တဲ့စကားတွေဖြစ်နေတော့ ပိုမှတ်မိလွယ်နေသလိုပါပဲ။ တစ်နည်းပြောရရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဆိုသလိုပဲဖြစ်နေတတ်တာကို သတိမပြုမိပဲ အားရပါးရ ပယ်ပယ်နယ်နယ်ကို ပြောဆိုတတ်တဲ့စကားတွေ ဆိုတော့ ဘယ်သူ့သွားအပြစ်တင်ရမှန်းလည်းမသိပါဘူး။ ကိုယ့်အမျိုးအကြောင်း ကိုယ်တိုင်က မကောင်းပြော နေမိသလို၊ ကိုယ့် မိခင် ဖခင်ကို ကိုယ်တိုင်က အပြစ်တင်နေသလိုဖြစ်နေတယ်လို့လည်း ထင်မှတ်မိတာကြောင့် ရေးချင်စိတ်ပေါက်ကာ ရေးလိုက်ခြင်းသာဖြစ်ပါတယ်။ အခြားတော့မဟုတ်ပါ။ ကျွန်တော်တို့ ရွှေမြန်မာလူမျိုးများ ရဲ့ မကောင်းတဲ့အကျင့်တစ်ခုဖြစ်တဲ့ “ကိုယ့်လူမျိုးတွေကို ကိုယ်တိုင်ကပဲ အပြစ်တင် နေခြင်း”ပဲဖြစ်ပါတယ်။ “မြန်မာဆိုတာ ဒီလိုကွလို့ ကြွေးကြော်နိုင်ဖို့နေနေသာသာ ကိုယ့်လူမျိုးကိုယ် နှိမ်ချပြောဆိုတတ်တာက အများစု လိုဖြစ်နေပါတယ်။ ကိုယ်တိုင်က မြန်မာလူမျိုးဖြစ်နေပြီး မြန်မာလူမျိုးတွေကိုပဲ အပုပ်ချ၊ အပြစ်တင် နေတတ်တဲ့ အောက်ခြေလွတ် မြန်မာအချို့ကို ရည်ညွှန်းလိုခြင်းသာဖြစ်ပါတယ်။ “မြန်မာလူမျိုးဆိုတာ ဒီလိုမျိုးတွေချည်းပဲ” ဆိုသောစကားမျိုး၊ “မြန်မာတွေလုပ်လိုက်ရင်တလွဲတွေချည်းပဲ” ဆိုသောစကားမျိုး၊ “မြန်မာတွေက ဘာတစ်ခုမှ အဖြစ်ရှိအောင်မလုပ်နိုင်ဘူး” ဆိုသောစကားများဖြင့် ရွှေမြန်မာတွေကို ရွှေမြန်မာကပဲ ချိုးချိုးနှိမ်နှိမ် ပြောဆိုတတ်တာ အောက်ခြေလွတ်သူ မြန်မာအချို့ရဲ့စကားတွေကို မကြာခဏကြားနေကြရပါတယ်။ ရင်နာစရာလည်း ကောင်းလှပါတယ်။ မြန်မာကို အခြားနိုင်ငံက လူမျိုးတွေက ပြောဆိုတယ်ဆိုရင် လက်ခံနိုင် စရာဖြစ်ပေမယ့် မြန်မာက မြန်မာကို မဲ့ရွဲ့ ပြောဆိုတတ်တာကိုတော့ နားလည်ရခက်လှပါတယ်။ ကိုယ့်အဖေ ကိုယ့်အမေကို ကိုယ်တိုင်ကစော်ကားသလိုပဲဆိုတာကို နားမလည်ကြလေသလားမသိ။


02.png


အချို့သောသူများကတော့ ကိုယ့်လူမျိုးကို တိုးတက်စေချင်လွန်းအားကြီးပြီး အားမလို အားမရပြောဆို တတ်ကြ တာကိုလည်း မြင်ဖူးပါတယ်။ အားမလို အားမရ ပြောဆိုတဲ့ ပုံသဏ္ဍာန်အမူအရာ နဲ့ ချိုးချိုးနှိမ်နှိမ်ပြောဆိုတတ်တဲ့ ကိုယ်ဟန်အမူအရာက တစ်ခြားစီပါပဲ။ မြန်မာလူမျိုးများအား ချိုးနှိမ်ဖဲ့ရွှဲ့ ပြောဆိုနေကြတာကလည်း လူမျိုးခြား များမဟုတ်ပဲ မြန်မာလူမျိုးများပင်ဖြစ်နေတာကပင် အလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။ ထိုသို့ ချိုးနှိမ်ပြော ဆိုတတ်သူများရဲ့လေသံကိုနားထောင်ကြည့်ရင် အားမလိုအားမရ လေသံ၊ ၀မ်းနည်းတဲ့လေသံ နည်းနည်းလေး တောင်မှ မပါရှိတတ်ပါဘူး။ ကိုယ့်လူမျိုး အမှန်တကယ်တိုးတက်စေချင်တယ်ဆိုရင် ကိုယ်တိုင်က စပြီး စိတ်ဓာတ်လေးတွေပြင်ဖို့သင့်လှပါတယ်။ ကိုယ်တိုင် စိတ်ဓာတ်ပြင်ပြီးရင် ကိုယ်နဲ့ဆက်ဆံရတဲ့ မြန်မာတွေ ကိုလည်း ပြုပြင်ပေးသင့်တယ်လို့လည်း မှတ်ယူမိပါတယ်။ ချိုးနှိမ်ပြောဆိုတတ်သူတို့ရဲ့ သဘောသဘာဝကိုက မိမိကိုယ်ကို အထင်ကြီးပြီး အခြားသူများအား အထင်သေး အမြင်သေးရှိတတ်ပါတယ်။ မြန်မာတွေကို ချိုးနှိမ် ပြောဆိုရတာကို မြန်မာလူမျိုးတစ်ယောက်က ပါးစပ်အရသာတွေ့နေလေသလားတော့ မပြောတတ်ပါ။ ပါးစပ် အရသာအတွက် အခြားပြောစရာ စကားများစွာရှိနေပါလိမ့်မယ်။ ကိုယ့်လူမျိုးကို ချိုးနှိမ်ပြောဆိုစရာ မလိုဟုလည်း ထင်မှတ်မိပါတယ်။ ထိုသို့ ချိုးနှိမ်ပြောဆိုတဲ့အတွက် မြန်မာလူမျိုးဖြစ်နေတဲ့ ပြောသူကိုယ်တိုင်ပင် သိက္ခာမရှိတဲ့ အဖြစ်ကို ရောက်ရှိနေတာကိုတော့ ချိုးနှိမ်ပြောဆိုနေတဲ့ ကိုရွှေမြန်မာ မရွှေမြန်မာများ သတိပြုမိပုံ တော့မပေါ်ပါ။


04.png


ကိုရီးယားလူမျိုးများ၊ ဂျပန်လူမျိုးများ၊ တရုတ်လူမျိုးများ စသည် အာရှဒေသရှိ လူမျိုးတိုင်းသာမက ကမ္ဘာအရပ်ရပ်မှ လူမျိုးအသီးသီးမှာ ကိုယ့်လူမျိုးကိုယ် အမွှန်းတင်ပြောဆိုတတ်ကြသည်ကိုသာ ကြားဖူးပါတယ်။ ကိုယ့်လူမျိုးကို ပုတ်ခတ်စော်ကားပြီး ချိုးနှိမ်ပြောဆိုတယ်လို့မကြားဘူးပါ။ အံ့သြစရာ ရွှေမြန်မာများပင် ဖြစ်နေပါ တယ်။ အခြားလူမျိုးများကလည်း မြန်မာလူမျိုး ချိုးနှိမ် ဖဲ့ရွဲ့ ပြောဆိုတာလည်း လုပ်မည်မဟုတ်ဟု ထင်ပါတယ်။ မြန်မာလူမျိုးတွေကို မြန်မာလူမျိုးများကသာ အထင်သေး အမြင်သေး နှိမ်ချနေကြတာပဲဖြစ်ပါတယ်။ စဉ်းစားလေ စဉ်းစားလေ အခြားလူမျိုးတို့အမြင်တွင် မြန်မာတို့သည် ဘယ်အဖြစ်သို့ရောက်ကာ ဘယ်လိုမြင် နေမယ်မသိတော့ပါ။ ကိုယ့်အဖေ ကိုယ့်အမေကိုစော်ကားနေလျှင် ဘေးပတ်ဝန်းကျင်ရဲ့ မိမိအပေါ်အမြင်၊ အဖေ အမေတို့အပေါ်တွင် အမြင်သည် ကောင်းသောအမြင် မဟုတ်နိုင်တော့လို့လည်း ထင်မိပါတယ်။ ကိုယ်တိုင်က စော်ကားနေတာဖြစ်တဲ့အတွက် အခြားသူတွေကလည်း စော်ကားရန် ၀န်လေးနေလိမ့်မယ်မဟုတ်လို့လည်း ထင်မိပါတယ်။ ဆိုးရွားသော အကျင့်များစွာရှိနေတတ်တဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေ ကိုယ်တိုင်ပြုပြင်သင့်တဲ့ အချိန်ဖြစ်ပါတယ်လို့ ရှေးရှေးဆရာကြီးများကလည်း ဟောပြော ရေးသားခဲ့ကြလိမ့်မယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် ယနေ့အချိန်ထိတော့ စိတ်ဓာတ်ရေးရာတွေက တိုးတက်မှု အလွန်နည်းတဲ့အပြင် လူငယ်အများစုဟာ လမ်းမှားကို လျှောက်တဲ့သူ များနေကြတာကို မြင်တွေ့နေရတာ ၀မ်းနည်းဖွယ်ပင်ဖြစ်ပါတယ်။


05.png


ရှေးရှေးကမြန်မာလူမျိုးတွေက ညံ့ဖျင်းလှတယ်လို့ မမှတ်သားခဲ့ဘူးပါ။ ရှေးတုံးကမြန်မာကို လေးစားဖွယ် အတုယူအားကျဖွယ် အကြောင်းတို့ကိုသာ ဖတ်ခဲ့ဖူး မှတ်ခဲ့ဖူးပါတယ်။ တကယ်ပင် မြန်မာလူမျိုးတွေ ညံ့နေခြင်း မဟုတ်တာကို သိနိုင်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာတွေက မညံ့ပါ။ အရှေ့တောင်အာရှ သာမက၊ အာရှတိုက်တစ်တိုက်လုံးမှာလည်း မညံ့ကြဟုလည်း ထင်ပါတယ်။ စိတ်ဓာတ်များညံ့ဖျင်းလာခြင်း ကြောင့်သာလျှင် တဖြည်းဖြည်း နိမ့်ကျလာတယ်လို့ပဲ မြင်မိပါတယ်။ အဓိကကျတဲ့ စိတ်ဓာတ်များကို ပြုပြင်နိုင်လျှင် မြန်မာဟာ ကမ္ဘာမှာ ၀ံ့ကြွားလာနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အကျင့်ဆိုးများနဲ့ ပြည့်နှက်လာတဲ့ မြန်မာလူငယ်တွေကို လမ်းမှန်ညွှန်ကြားပြသနိုင်ရန် အလွန်အရေးပါမယ်လို့ထင်ပါတယ်။ ဒါမှ ကျွန်တော်တို့ လက်ထက် မပြုပြင်နိုင်ရင်၊ နောင်မျိုးဆက်သစ် မျိုးဆက်သစ်တို့အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကို ညွှန်ပြ သွားမယ်ဆိုရင် မြန်မာဆိုတာ ညံ့တဲ့လူမျိုးမဟုတ်ကြောင်း ကမ္ဘာက သိသွားလိမ့်မယ်လို့ လည်း ထင်ပါတယ်။ မြန်မာနိုင်ငံဟာ အခြားနိုင်ငံအများစုလို အလုအယက် ရှာဖွေစားသောက်ခဲ့ရတဲ့ နိုင်ငံမဟုတ်တဲ့အပြင် အေးအေးဆေးဆေး နေထိုင်နိုင်ခဲ့တဲ့ လူမျိုးဖြစ်တာကို မြင်တွေ့နိုင်ပါတယ်။ အလုပ်မလုပ် လည်း စားရတဲ့ နိုင်ငံတစ်နိုင်ငံရှိနေခဲ့တယ်ဆိုရင် အဲဒါ မြန်မာနိုင်ငံပဲဖြစ်တယ်လို့ ယုံကြည်ပါတယ်။ မကြိုးစားလို့ မပြုပြင်ကြလို့ အခြားနိုင်ငံတွေကို အမှီမလိုက်နိုင်သေးခြင်းသာဖြစ်ပါတယ်။ ပြုပြင်ပြီး ကြိုးစားသွားမယ်ဆိုရင် အချိန်ဆယ်စုနှစ်တစ်ခုအတွင်းမှာ တကယ်ပဲ ကမ္ဘာကျော်နိုင်ငံဖြစ်သွားမယ်ဆိုတာ လုံးဝ ယုံကြည်ပါတယ်။ ဒီတော့ ကျွန်တော့တို့ ရွှေမြန်မာတွေ ကနေ့ကို အစထားပြီးတော့ အချင်းချင်း အပြန်အလှန် အပြစ်တင်နေကြ မယ့်အစား ဖေးမကူညီခြင်းတွေနဲ့ စာနာမှုတွေနဲ့ ကိုယ့်လူမျိုး ဂုဏ်သိက္ခာတိုးမြင့်လာဖို့အတွက် ကြိုးစားသင့်ပါတယ်။ ကြိုးစားကြစေချင်ပါတယ်။ ဘယ်သူ့ကိုမှ သွားပြုပြင်စရာမလိုပါဘူး။ ကိုယ်တိုင်ကစပြီး ပြုပြင်မယ်ဆိုရင် သေချာပေါက် အကျင့်ဆိုးတွေပျောက်ပြီး အကျင့်ကောင်းတွေပေါများလာတဲ့ ကျွန်တော်တို့ ရွှေမြန်မာကို ရွှေရောင်တောက်ပစွာနဲ့မြင်တွေ့နိုင်မယ်လို့ ယုံကြည်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။

All image Credit


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

30-Nov-2018 သောကြာနေ့(Friday)