အဆောင်ကောင်း
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လူ့ဘ၀လူ့လောကကြီးမှာ အသက်ရှင်သန်နေထိုင်စဉ်အချိန်အတွင်း အလွန်တရာ အရေးပါပြီး မရှိ မချစ်၊ ရှိမှချစ် တတ်သော၊ မရှိ လျှင် မဖြစ်၊ ရှိမှ ဖြစ်တတ်တဲ့ အရာတစ်ခုက “ငွေ” ဖြစ်တယ်ဆိုတာကို မကြာခဏ ရေးခဲ့ဘူးပါတယ်။ ဒါပေမယ့်လည်း အဲဒီ ငွေရဲ့ အကြောင်းက ရေးမကုန်အောင် များ နေတာလား။ ရေးစရာမရှိ တိုင်း ငွေအကြောင်းကိုပဲ ရေးနေမိသလားဆိုတာ မသိဘူး။ များများစားစားတော့ မရေးမိဘူးထင်တယ်။ အလွန်ဆုံး ရေးမိရင် Post ပေါင်း (၁၀) ခုလောက်ပါပဲ။ အဲဒီထက် ပိုချင်လည်း ပိုမှာပါ။ ဒါကို များတယ်လို့မဆိုနိုင်ပါဘူးလေ။ ဒီတော့ ဒီတစ်ခါလည်း ငွေ နဲ့ ပတ်သက်တာလေးတွေကို စဉ်းစားပြီး အချင်းမများပဲ ရေးတင်မယ်ဗျာ။ လူ့ဘောင် လောကကြီး အသက်ရှင်သန်နေထိုင်တဲ့အချိန်အတွင်း ငွေ ဆိုတာမရှိမဖြစ်ဆိုတော့ကာ နေ့စဉ်နဲ့ အမျှ လူတွေ က ငွေကို အတင်းကာရောလိုက်ရှာနေကြရတာ မဆန်းပါဘူး။ နယ်ပယ်မျိုးစုံ၊ လုပ်ငန်းမျိုးစုံမှာ နည်းမျိုးစုံနဲ့ ငွေရဖို့အတွက် ကြိုးပမ်းနေကြတယ်။ အခုလည်းပဲ ၀င်ငွေလေးများတိုးလာလေမလားဆိုပြီး Steemit Platform မှာ မတောက်တခေါက်စာလေးတွေ ရေးတင်နေခဲ့တာ (၂)နှစ်တောင်ကျော်ခဲ့ပါပေါ့။ ခုချိန်မှာ တော့ ဈေးတွေကျနေဆဲမို့ အကျိုးအမြတ်မသိသာသေးသလို တစ်ခါတစ်ရံ အရှုံးတောင်ထွက်နေတတ်သေး။ ထားပါတော့။ နည်းမျိုးစုံနဲ့ ငွေကို ရှာကြဖွေကြတဲ့အခါ မရယ်ချင်ပဲလည်း ၀ါးလုံးကွဲရယ်ပြကြရ၊ မပြုံးချင်ပဲလည်း နှုတ်ခမ်း နားရွက်တက်ချိန်လောက်အောင် ပြုံးပြကြရ၊ မမုန်းချင်ပဲလည်း အသေသတ်ချင်လောက်အောင် မုန်းပြကြရနဲ့ပါပဲ။ မရုန်းချင်ပဲနဲ့လဲ သေချင်လောက်အောင် ရုန်းနေကြရတာက ငွေ အတွက်ပဲ မဟုတ်လားဗျာ။ အဲဒီ ငွေဆိုတာသာ ကိုယ့်လက်မှာ ကိုင်ဆောင်ထားနိုင်ရင် ပွင့်လိုက်တဲ့မျက်နှာဗျာ။ ခါချနေရတယ်လို့။ အဲဒီ ငွေဆိုတာမရှိကြည့်ပါလား။ မေးထူးခေါ်ပြောတောင် မတတ်သာလို့ မလွှဲမရှောင်သာလို့ မဲ့ပြုံးလေးလောက်တော့ ရနိုင်ကောင်းရဲ့။
အခုလည်း ကျွန်တော်အနေနဲ့ တောင်လိုလို မြောင်လိုလို နဲ့ ငွေကို ဘယ်လိုနည်းမျိုးနဲ့ရှာမလဲ တွေးနေဆဲပါပဲ။ တစ်နေ့က ဖွင့်တဲ့ အောင်ဘာလေထီကလည်း လတိုင်း မပေါက်တဲ့ဘက်မှာပဲ ဖြစ်နေတော့ကာ ခေါင်းပူလောက် အောင် စဉ်းစားလည်း ခေါင်းပူတာပဲ အဖတ်တင်နေမြဲပဲဗျာ။ ငွေ ဆိုတာ မျက်နှာအလွန်ပွင့်တဲ့အဆောင်ကောင်း ပဲ။ ဘယ်ဗေဒင်၊ ဘယ်နတ်ကတော်၊ ဘယ်ဘိုးတော်တွေရဲ့ အဆောင်မှ မဟုတ်ဘူး။ အစိုးရမင်းများက ထုတ်ထားတဲ့ တရားဝင်အဆောင်ပဲ။ မျက်နှာများများပွင့်ချင်ရင် ငွေများများသာဆောင်။ ငွေဘယ်ကရမလဲဆိုပြီး ရှာဖွေရေးဘက်မှာ အကြံအတွေးခက်ခက်နဲ့ တွေးချင်တိုင်း တွေးနေပေမယ့် ငွေရရေးကတော့ မရေမရာ မသေ မချာ၊ ဒီတော့လည်း ယောင်လယ်လယ် အတွေးနဲ့ အချိန်တွေဖြုန်းနေရပြီး အကြိမ်ကြိမ်များရှုံးနေသလားမပြော တတ်တော့ပါဘူး။ ဘ၀တိုးတက်ရေးအတွက် လောကီ လူ့လောကကြီးထဲမှာ အင်မတန်လိုအပ်တဲ့ ငွေ ဆိုတာ မရှိမဖြစ်ဆိုတော့ကာ ကုန်းရုန်းရှာဖွေ ရသမျှ ဘယ်လိုသုံးရမှန်းနားမလည် အဖြုန်းနဲ့ပဲကုန် ဒုံရင်းပြန်ရောက်ပြီး နောက်တစ်နေ့ ခရီးဆက်ကြရပြန်တာပဲ။ အဖြုန်း နဲ့ အသုံး လုံးလုံးမကွဲတဲ့ ကျွန်တော်လိုလူမှာတော့ ရတာနဲ့ ကုန်တာ၊ သုံးတာ နဲ့ ဖြုန်းတာ မလောက်မင၊ အပေါက်စမှာပဲ ပြန်ပြန်သွားတဲ့ အဲဒီငွေကို ကြာလေ ကြာလေ စိတ်ဆိုးမိတယ်။ စိတ်ဆိုးပေမယ့် မရှာမဖြစ် ရှာမှဖြစ်မယ့်အမျိုးပေမို့ မနက်လင်းရင် မျက်စိနှစ်ကွင်း အတင်းဖွင့် ကုန်းရုန်းထပြီး ငွေရရေး ကြိုးစားနေဆဲပဲ။
ငွေကို အဆောင်အဖြစ် လက်မှာ ကိုင်စွဲထားနိုင်သူတွေကလည်း ရလေ လိုလေ အို တစ္ဆေ ဆိုတဲ့စကားလို၊ ပိုပြီးရတော့ ပိုပြီးလိုချင် ပိုပြီးသုံး ပိုပြီးဖြုန်းနေကြမြဲပဲ။ ရှားသူထက် ပေါသူက နေရာတစ်ကာ မျက်နှာပန်းလှလှ နဲ့ ဟိုကခေါ် ဒီကအော် တစ်ကြော်ကြော်နဲ့ နားကြားပြင်းတောင် ကပ်မိပါရဲ့။ အဆောင်ကောင်းကို အိပ်မှာထည့် ထားနိုင်လေတော့ နေရာတစ်ကာ မျက်နှာပွင့်တာ၊ လူချစ်လူခင်များတာ အဆန်းမဟုတ်ပေမယ့် ငွေကြောင့်သာ ပဲဖြစ်တာ သိမှ သိပါလေစပေါ့။ ငွေဆိုတဲ့ အဆောင်ကောင်း တစ်ချိန်ပျောက်ကောင်းပျောက်မယ်။ ငွေဆိုတဲ့ အဆောင်ပျောက်မှ မိတ်စစ် မိတ်တု ခွဲခြားသိမယ်။ လက်ဖျားငွေသီး မာစီဒီးစီးနေချိန်တော့ ဘောစိမထိနဲ့ မီးပွင့်သွားမယ်ဆိုခဲ့သူက ဘီးစုတ်နဲ့လည်းဖြစ်ရော မေးထူးခေါ်ပြော စကားမေးဖော်မရဖြစ်သွားတာ ငွေ ဆိုတဲ့ အဆောင်ပျောက်သွားလို့ပဲ။ နေ့စဉ်ငွေရှာ နေ့စဉ်ငွေသုံး ဘယ်တော့မှ မဆုံးတဲ့လူ့လောကသံသရာ အဖန်တစ်ရာ မုန်းချင်ပေမယ့် ဆံကိုဆောင့်ဆွဲ သံယောဇဉ်တွဲကို မပယ်ခွာနိုင်သေးတော့ အဆိုတော် သွားလေသူ ကိုထီး ခေါ် စိုင်းထီးဆိုင်ရဲ့ ပလက်ဖောင်းမင်းသားထဲက စာသားလို လျောက်အုံးဟေ့ လျောက်အုံး ဟေ့ နောက်ဆုံးတစ်နေ့ ကိုယ်ပလက်ဖောင်းမင်းသာ ဆိုလားပဲ။ သံသရာမှာ မယူနိုင်သော်ငြား အသက်ရှင်စဉ် မှာ မရှိမရှိလိုအပ်တာမှန်တယ်။ ဒါပေမယ့်လည်း စိတ်သန့်တဲ့ ငွေရှာခြင်းလား၊ မတရားရတဲ့ ငွေရှာခြင်းလား ဆိုတာ ကိုယ်တိုင်မှလွဲ ဘယ်သူမှမသိနိုင်ပါ။ ငွေ ကို လူတွေက ဖန်တီးခဲ့တာပါ။ ခုတော့ ငွေက လူကို အသေ အကြေ ခိုင်းနေပါပြီ။ ချစ်စရာလည်း အလွန်ကောင်းသလို မုန်းစရာလည်း အလွန်ကောင်းတဲ့ ငွေဆိုတာ အင်မတန်မှန်တယ်။
ငွေဆိုတာသာ အားလုံးအတွက် အဆောင်ကောင်းတစ်ခုဖြစ်တယ်ဆိုတာ ငြင်းမရပါ။ ကျန်းမာရေးကောင်းချင်ရင် လည်း ဆောင်ထားရမှာ၊ အပေါင်းအသင်းကောင်းချင်ရင်လည်း ဆောင်ထားရမှာ၊ နာမည်ကောင်းကောင်းလိုချင် သလား ငွေကိုသာဆောင်ထား၊ ရာထူးကောင်းကောင်းရချင်ရင် ငွေဆိုတာက အဆောင်ပဲ။ ဒီဘ၀မချုပ်ငြိမ်း သေးသမျှ ငွေဆိုတာလိုကို လိုအပ်ပါတယ်။ ငွေနဲ့ပတ်သတ်တဲ့ အယူအဆတွေ တည့်မတ်မှန်ကန်မှ စီးပွားရှာရာ ငွေရှာရာမှာ အောင်မြင်ဖြစ်ထွန်းစီးပွားတိုးပွားနိုင်တယ်။ ကိုယ်က ငွေကို အပြစ်မြင်ရင် ငွေကလည်း ကိုယ့်ကို အချစ်ဝင်မယ်မထင်။ ကိုယ်က ငွေကို အဆိုးထင်ရင် ငွေကလည်း ကိုယ့်ကို အကောင်းမြင်မယ်မဟုတ်။ ငွေကို မြင်တဲ့အမြင် မှန်ကန်ဖို့က အလွန်အရေးပါပါတယ်။ လင်မယားတွေကွဲတာလည်း ငွေ၊ သူငယ်ချင်းမိတ်ဆွေတွေ ကွဲကြပြဲကြတာလည်း ငွေတဲ့။ ရှာရခက်သလို ထိန်းရသိမ်းရခက်တာလည်းငွေတဲ့။ အမြဲရှာနေရလို့ အမြဲမပြည့် တာလည်း ငွေတဲ့။ နေ့စဉ်နဲ့ အမျှသုံးရ ဖြုန်းရတဲ့ ငွေတဲ့။ ငွေအကြောင်း နေစောင်းအောင်ပြောလည်း ပြည့်စုံမယ် လို့မထင်ဘူး။ ငွေရဲ့သဘောကို သေချာသိသူက ငွေရှာရာမှာ တစ်ပန်းသာတယ်လို့လည်းဆိုကြပါတယ်။ တစ်ချို့အတွက် ငွေတွင်းနက်ပေမယ့်၊ တူးတတ်ရင် ထွက်ပါတယ်လို့ဆိုသူကလည်းဆိုကြပါတယ်။ ဘယ်လိုပဲ ပြောပြော ငွေကိုတော့ ရှာနေကြရစမြဲ။ လူရာဝင်တဲ့ငွေ၊ အဆောင်ကောင်းဖြစ်တဲ့ငွေ၊ သူ့လောက်ကောင်းတဲ့ အဆောင်ရှိမယ်မထင်။ ဖန်ဆင်းရှင်တစ်ယောက်လို အရာအတော်များများကို ဖန်ဆင်းနိုင်တယ်ဆိုတာတော့ အများက ပြောဆိုတတ်ကြသလို ငွေက ထစကားပြောရင် အမှန်တရားဆိုတာက နှုတ်ဆိတ်ငြိမ်ကုတ်နေရတယ် လို့ ပြောစမှတ်ပြုမြဲ ငွေ။ ဘယ်လိုပဲ ပြောပြော ငွေကို အသုံးတဲ့သူ အပေါ်မှာ မူတည်ပြောင်းလဲတယ်ဆိုတာ ငြင်းမရ။ ငွေဆိုတာ အသုံးချသူမရှိရင် ချတက်မယ့် သက်မဲ့ အရာဝတ္ထုတစ်ခုသာဖြစ်ပြီး ဘယ်လိုအသုံးချတာလဲ ဆိုတာပေါ်သာ မူတည်ကြောင်း စိတ်ကူးတည့်ရာရေးသားရင်း ရပ်နားလိုက်ပါတယ်။
ရေးသားသူ(Author)_______
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
3-6-2019 တနင်္လာနေ့(Monday)