အဘယ် မျိုးစေ့ ချနေသလဲ?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Which Seeds copy.png


မအားမလပ်ဖြစ်သွားသည့်အပြင် ဈေးဝယ်သွားတာ နေပူထဲတွင် အချိန်ကြာမြင့်စွာ ဖြတ်သန်းရတဲ့ အတွက် မလှုပ်ချင်ဖြစ်ပြီး စာမရေးဖြစ်ခဲ့တဲ့အတွက် Post မတင်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ Post တင်နိုင်အောင် စာရေးဖြစ်အောင်ရေးမယ်ဆိုပြီး စဉ်းစားလိုက်တာ ဘာရေးရမှန်းမသိနဲ့ ယောင်လည်လည် ဖြစ်နေတာ အတော်ကြာသွားတယ်။ တနည်းပြောရမယ်ဆို ကုန်ကြမ်းမရသေးဘူးပေါ့။ ဒါနဲ့ တောင်ကြည့် မြောက်ကြည့် တောင်စဉ်းစား မြောက်စဉ်းစားနဲ့ စာလေးတစ်ကြောင်းရေးလိုက် ပြန်ဖျက်လိုက်နဲ့နောက်ထပ်အချိန်တော်တော် ကုန်သွားပြန်ပေါ့။ ခုတော့ ကုန်ကြမ်းတစ်ခု ရပါပြီ။ ကောင်းတာ မကောင်းတာ ကောင်းကျိုး မကောင်းကျိုး ဆိုတာလေး အမှတ်မထင်ကြားမိပြီး ဒီစာဖြစ်လာတယ်ပေါ့။ ဒါက ဒီပို့စ်ရဲ့ History ပေါ့။ ကောင်းကျိုး မကောင်းကျိုးဘာ့ကြောင့်ဖြစ်လာရသလဲ? ကိုယ်ပြုလုပ်ခဲ့တဲ့ ကောင်းကျိုးတွေ မကောင်းကျိုးတွေကြောင့် လက်ရှိမှာ အကျိုးပေးချိန်တန်လို့ ခံစား စံစားနေကြရတာပဲဖြစ်ပါတယ်။ ကောင်းတာတွေလုပ်ရင် ကောင်းကျိုးတွေရမယ်။ မကောင်းတာတွေလုပ်ရင် မကောင်းကျိုးတွေရမယ်။ ဒီလိုဆိုတော့ ကောင်းတာတွေ လုပ်နေပါလျက်နဲ့ ဘာလို့ စုတ်ပြတ်သတ်ပြီး ဆင်းရဲ မွဲတွေနေရသလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါ တယ်။ ကောင်းတာလုပ်လို့ ချက်ချင်းလက်ငင်း အဲဒီကောင်းကျိုးကို စံစားရတာမဟုတ်သလို မကောင်းတာလုပ် လို့ မကောင်းကျိုးကို ချက်ချင်း ခံစားရတာမဟုတ်ဘူးဆိုတာလေးကိုတော့ လက်ခံထားမှဖြစ်လိမ့်မယ်ဗျ။ မြန်မာစကားပုံမှာ လူတိုင်းလိုလို ပြောတတ်ကြတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ခုရေတွင်းတူး ခုရေကြည် သောက်ချင်လို့ ရမလားတဲ့။ မှန်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ကြရပါတယ်။ စပါးပင်စိုက်ရင် စပါးရဖို့ ဆန်အဖြစ်စားသုံးနိုင်ဖို့ စောင့်ကြရစမြဲပါ။ စပါးရနေပြီဆိုရင်တောင် ချက်ချင်းဆန်အဖြစ် စားသုံးနိုင်တာ မဟုတ်ပဲ စပါးကို ကြိတ်ခွဲရတဲ့အချိန်တော့ စောင့်ကြရတာကို အမှတ်ရစေချင်ပါတယ်။


Which Seeds copy 4.png


အချို့ အချို့သောလူတွေက လက်ရှိဘ၀မှာ မကောင်းမှု ဒုစရိုက်တွေကို ပြုလုပ်နေကြပြီး ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်တာကိုမြင်ကြရမယ်ဆိုရင် မြင်ရတဲ့သူရဲ့ရင်ထဲကို မကောင်းတာတွေလုပ်ပြီး ချမ်းချမ်းသာသာနေရ တာကို အားကျတတ်သလို ကောင်းတာတွေကို လုပ်နေပြီး ဆင်းရဲစုတ်ပြတ်သတ်နေသူတွေကိုမြင်ရရင် ကောင်းတာလုပ်ဖို့ထက် တစ်ခဏတော့ မကောင်းတာလုပ်ဖို့ကို ပိုပြီး အားသန်သွားတတ်ပါတယ်။ မကောင်းတာ လုပ်ချင်စိတ်ပေါက်သွားတတ်ကြပါတယ်။ မျက်မှောက်ဘ၀မှာ မကောင်းတာတွေလုပ်နေပေမယ့် လွန်ခဲ့ပြီးတဲ့ ဘ၀တစ်ခု၊ လွန်ခဲ့ပြီးတဲ့ အချိန်တစ်ချိန်က ကောင်းမှုပြုခဲ့ဖူးတဲ့အတွက် အကျိုးပေးချိန်တန်လို့ လက်ရှိအချိန်မှာ အဲဒီကောင်းမှုရဲ့အကျိုးဆက်ကို ခံစားနေရတာသာဖြစ်ပြီး လက်ရှိလုပ်နေတဲ့ မကောင်းမှုက ကောင်းကျိုးပေးနေ တာမဟုတ်ပါဘူး။ အခုလက်ရှိလုပ်နေတဲ့မကောင်းမှုရဲ့ အကျိုးဆက်က အချိန်တစ်ချိန်မှာတော့ မကောင်းကျိုး ကို သေချာပေါက်ခံစားရမှာဖြစ်ပါတယ်။ အဆိပ်ပင်ကို စိုက်ပျိုးထားပြီး ချိန်မြိန်တဲ့ အရသာရှိတဲ့ အာဟာရဖြစ်စေနိုင်တဲ့ သစ်သီး သီးလာမယ်လို့ အခြားတစ်ယောက်ကပြောလာခဲ့မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ ဘယ်လိုများ ထင်ကြမလဲ? အဆိပ်ပင်ကနေ ချိန်မြိန်တဲ့ အရသာရှိတဲ့ အာဟာရဖြစ်စေနိုင်တဲ့ သစ်သီး သီးလာမယ်လို့ ယုံကြည်နိုင်ပါသလား? ယုံနိုင်မယ်မဟုတ်သလို မဖြစ်နိုင်ဘူးဆိုပြီး ငြင်းကြပါလိမ့်မယ်။ ဒီလိုပါပဲ မကောင်းမှုက ကောင်းကျိုးပေးတယ်ဆို မဖြစ်နိုင်ပါဘူး။ မဟုတ်ပါဘူး။ မမှန်ပါဘူး လို့ပဲ ပြောရမှာပါပဲ။ အကုသိုလ် ညီမျှခြင်း ကုသိုလ် ဆိုတာ ရှိမှ မရှိတာပဲ။


Which Seeds copy 2.png


မိတ်ဆွေတို့က ဗုဒ္ဓဘာသာတွေဆိုရင်တော့ သံသရာဆိုတာကို လက်ခံယုံကြည်နိုင် ကြလိမ့်မယ်လို့ထင်ပါတယ်။ သံသရာဆိုတာ လက်ခံနိုင်တယ်ဆိုရင် ကောင်းတဲ့ဘ၀ မကောင်းတဲ့ဘ၀ဆိုတာတွေကို သေချာပေါက် ကျင်လည်ခဲ့ရမယ်ဆိုတာလည်း လက်ခံနိုင်ပါလိမ့်မယ်။ အခုလက်ရှိဘ၀မှ ကောင်းမှုတွေကိုပဲလုပ်နေပြီး ဆင်းရဲ မွဲတေပြီး နေရတဲ့ အကြောင်းကလည်း ထို့အတူတူပဲဖြစ်ပါတယ်။ ကောင်းကျိုးတွေမရရှိနိုင်သေးပါဘူး။ ကောင်းကျိုးတွေ အကျိုးပေးချိန်မတန်နိုင်သေးပါဘူး။ အချိန်တစ်ချိန်တော့ စောင့်ကြရမှာ အမှန်ပဲဖြစ်ပါတယ်။ ကောင်းကျိုးပဲဖြစ်ဖြစ် မကောင်းကျိုးပဲဖြစ်ဖြစ် အချိန်စောင့်ရစမြဲပဲဆိုတာကို သတိပြုကြမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ မကောင်းကျိုးဖြစ်စေမယ့် မကောင်းမှု အကုသိုလ်တွေကို အတတ်နိုင်ဆုံး ကိုယ်စွမ်းနိုင်သလောက်တော့ ရှောင်ရှားနိုင်ကြပါတယ်။ အဲဒီလိုမှ မဟုတ်ပဲနဲ့ ကောင်းမှု လုပ်လဲ မကောင်းတာတွေပဲဖြစ်နေတာပါကွာလို့များ ထင်မြင်ယူဆခဲ့မယ်ဆိုရင်တော့ မကောင်းမှုတွေကို လုပ်ဖြစ်ကြတော့မှာဖြစ်ပါတယ်။ မကောင်းမှုလုပ်ရင် ဒီဘ၀ တစ်ခုအတွက်တော့ အဆင်ပြေကောင်း အဆင်ပြေနိုင်ပါလိမ့်မယ်။ သံသရာဆိုတဲ့ ၀ဲဂယက်ကြီးထဲမှာ လည်ပတ် နေသမျှကာလပတ်လုံးတော့ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ သူများတွေက အခြား အခြား ဘ၀တွေက ကောင်းမှုကုသိုလ်တွေပြုလုပ်ခဲ့ပြီး ဒီအချိန်မှာ အကျိုးပေးတော့မယ်ဆိုရင် ဘယ်လိုအကြောင်းအရာ ဘယ်လို လူမျိုးကမှ တားလို့မရပါဘူး။ မကောင်းမှုတွေပြုခဲ့မယ်ဆိုရင်လည်း အကျိုးပေးချိန်တန်လာပြီဆိုရင်တော့ တားဆီးဖို့မဖြစ်နိုင်ဘူးဆိုတာကို ရှေးကတည်းက ပြောခဲ့ကြ ဆိုခဲ့ကြ ဆုံးမခဲ့ကြတာကို ကြားဖူးကြပါလိမ့်မယ်။ ကလေးမွေးချိန်တန်နေတာကို မမွေးနဲ့အုံးလို့ ရနိုင်မယ်မဟုတ်သလို အချိန်တန် ရင့်မှည့်ပြီး အကျိုးပေးမယ့် ကောင်းကျိုးတွေ မကောင်းကျိုးတွေကို ဘယ်လိုနည်းမျိုးနဲ့မှ တားဆီးမရနိုင်ပါဘူး။


Which Seeds copy 1.png


ဒီလောက်ဆိုရင်တော့ ကောင်းကျိုးတွေ မကောင်းကျိုးတွေဆိုတာ သူတစ်ပါးကလုပ်တာမဟုတ်ပဲနဲ့ ကိုယ်တိုင် ပြုလုပ်ခဲ့တာတွေဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။ လူအများပြောတတ်တဲ့စကားလေးတွေရှိပါသေးတယ်။ ပြောသာပြောပြီး လိုက်နာကျင့်သုံးတာ နည်းပါးတာလည်း တွေ့ရပါတယ်။ ကိုယ်ပြုသောကံ ပဲ့တင်သံ ဆိုတာမျိုး ကိုယ်စိုက်ပျိုးတဲ့ သီးနှံကို ကိုယ်တိုင်ပဲ ရိတ်သိမ်းကြမယ်ဆိုတာမျိုးတွေ လူအများက ပြောတတ်ကြပါတယ်။ ဒါပေမယ့် ကိုဘယ်လို အသီးအနှံမျိုးကို စိုက်မိသလဲ? ဘယ်လိုကံမျိုးကို ပြုမိသလဲ? ဆိုတာကိုတော့ ဆန်းစစ်မိသူကတော့ နည်းပါးမယ်လို့လည်း ထင်ပါတယ်။ အများစုကတော့ ငါ့ဘာထင်နေသလဲ ဆိုတာမျိုး မမှန်တာလာမပြောနဲ့ မမှန်ရင် မခံဘူးကွလို့အော်တာမျိုးတွေနဲ့ပဲ အဆုံးသတ်နေကြပါတယ်။ သူများတွေ ဘာထင်ထင် ကိုယ့်လုပ်တာ ကိုယ်အသိဆုံးပဲ။ မမှန်ရင် မခံဘူးဆိုတဲ့သူများကရော မှန်တာပြောရင် လက်ခံမယ် လို့တော့ မထင်ပါဘူး။ မှန်တာပြောလည်း မခံကြပါဘူး။ အရေးကြီးတာကတော့ မှန်သလား မမှန်ဘူးလား ဆိုတာထက် ကောင်းကျိုးရစေသလား မကောင်းကျိုးရစေသလားဆိုတာကို ကိုယ်တိုင် စဉ်းစားရပါလိမ့်မယ်။ ကောင်းကျိုးရစေမယ့် မျိုးစေ့တွေကို ချနေတာလား? မကောင်းကျိုးဖြစ်စေမယ့် မျိုးစေ့တွေကို ချနေတာလား? ဆိုတာကိုတော့ ကိုယ်တိုင်မှလွဲပြီး ဒီတစ်ဘ၀အတွက်တော့ ဘယ်သူမှ မသိနိုင်ပါဘူး။ သံသရာမှာတော့ ကောင်းကျိုးရစေတဲ့ မျိုးစေ့ကိုချခဲ့သလား? မကောင်းကျိုးရစေတဲ့ မျိုးစေ့ကို ချခဲ့သလားဆိုတာ လိမ်လည်လို့ ရလိမ့်မယ်မဟုတ်ကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

25-5-2019 စနေနေ့(Saturday)