အောင်မြင်စေဖို့

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ…..

ကိုဗစ်ကာလမှာ Stay Home ကိုတော့ ဖြေလျော့ပေးခဲ့လေပြီ... နောက်ဆက်တွဲမည်သို့မည်ပုံ ဖြစ်ပျက်လာမည်နည်းဆိုသည်ကိုတော့ စောင့်မျှော်ကြည့်ရှုကြရပေတော့မည်... စည်းကမ်းတကျ မနေထိုင်တတ်သော ကျွန်တော်တို့မြန်မာလူမျိုးစရိုက်နှင့် တဖြည်းဖြည်းချင်းညှင်းပြီးဒုက္ခပေးတတ်တဲ့ ကိုဗစ်... စိတ်ပူပန်စရာ၊ စိုးရိမ်စရာအနေအထားတစ်ခုတော့ဖြစ်နေပေလိမ့်မည်... သေချာတာတစ်ခုကတော့ လူအျားစုကတော့ ပုံမှန်အတိုင်းသွားလာလုပ်ကိုင်လည်ပတ်နေကြတော့မည်မှာ မြေကြီးလက်ခတ်မလွဲပါ... ဖြစ်ပေါ်ပြီးသား ဗိုင်းရပ်စ်တို့ကတော့ ပြန်လည်ပျောက်ကွယ်သွားဖို့အလွန်ခဲယဉ်းပါလိမ့်မည်...သတိပြုဆင်ခြင်နေထိုင်ခြင်းကတော့ အကောင်းဆုံးအခြေအနေဖြစ်ပါလိမ့်မည်...မိတ်ဆွေအားလုံးသတိပြုနေထိုင်နိုင်ကြပါစေ... ကိုဗစ်အကြောင်းကိုရေးလိုခြင်းမဟုတ်သော်လည်း သတိပြုစေချင်လို့ ကိုဗစ်နဲ့အစပျိုးလိုက်ရခြင်းဖြစ်ပါတယ်... ကနေ့ရေးလိုတဲ့အကြောင်းအရာက ကိုဗစ်မဟုတ်ပါဘူး...

လူ့လောကကြီးမှာ အချို့သောလူများက အကြီးအကျယ်ချမ်းသာကြအောင်မြင်ကျတယ်... အချို့သော လူများကတော့ အကြီးအကျယ်ဆင်းရဲမွဲတေနေကြရတယ်... လူလူချင်းတူပါရက်နဲ့ လုပ်ငန်းလုပ်တာခြင်းလည်းတူပါရက်နဲ့ ဘာကြောင့်အကွဲကွဲအလွဲလွဲဖြစ်နေကြရသလဲဆိုတာကို စဉ်းစားဖို့အတော်ကောင်းပါတယ်... ဘယ်သူမဆိုလုပ်ငန်းတစ်ခုလုပ်ကိုင်တဲ့အခါမှာ အရင်းအနှီးတစ်ခုခုကိုစိုက်ထုတ်လုပ်ကိုင်ကြရစမြဲ... အရင်းအနှီးလို့ဆိုလိုက်လို့ ငွေကြေးအရင်းအနှီးတစ်ခုတည်းကိုပဲ ကွက်ပြီးမမြင်လိုက်ကြစေချင်ပါ... ပညာအရင်းအနှီး၊ ခန္ဓာကိုယ်အရင်းအနှီးတွေနဲ့လည်း သက်ဆိုင်ပါတယ်... ငွေအရင်းအနှီးရှိတဲ့သူတိုင်းလည်း အောင်မြင်တာမဟုတ်သလို ငွေအရင်းအနှီးမရှိတဲ့သူတိုင်းလည်း မအောင်မြင်တာမဟုတ်ပါဘူး... ဒါကိုလည်း လက်ခံထားရမှာပဲဖြစ်ပါတယ်... ငွေအရင်းအနှီးရှိရင်တော့ အောင်မြင်ဖို့အထောက်အပံ့တစ်ခုဖြစ်ပါလိမ့်မယ်...


03.png


အကြီးအကျယ်အောင်မြင်ကြီးပွားလိုတဲ့လူတစ်ယောက်က ဘာတွေကိုရင်းနှီးရမလဲဆိုတာကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်... ဘာတွေကိုရင်းနှီးရမလဲဆိုတော့ ကျန်းမားရေးကောင်းရပါမယ်... ကျန်းမာရေးကောင်းမွန်တဲ့လူတစ်ဖြစ်ဖို့လိုအပ်တဲ့အတွက် ကျန်မာရေးအတွက်အချိန်အရင်းအနှီးနဲ့လုပ်ဆောင်ဖို့လိုအပ်ပါတယ်... မကျန်းမမာအိပ်ရာထက်မှာလဲနေသူတစ်ယောက်က အောင်မြင်ကြီးပွားလိုစိတ်ရှိမယ်မဟုတ်ပါဘူး... နောက်ပြီးတော့ အရေးပါတာက ကိုယ်ကျင့်တရားဖြစ်ပါတယ်... ကိုယ်ကျင့်တရားကောင်းဖို့လိုပါတယ်... ကိုယ်ကျင့်တရားမကောင်းတဲ့လူအတွက် ခဏတာအောင်မြင်မှုရကောင်းရနိုင်ပေမယ့် ရေရှည်မှာတော့ ဆွေစဉ်မျိုးဆက်နာမည်ပျက်စရာပါ... နောက်တစ်ခုက အသိတရားနဲ့သတိထား တတ်တဲ့အလေ့အကျင့်ရှိရမှာပါပဲ... အသိတရားရှိပြီး သတိမထားရင်လည်းမအောင်မြင်နိုင်ပြန်ပါဘူး... အသိပညာ အတတ်ပညာ လည်းရှိရမှာဖြစ်ပြီး လုပ်ငန်းမှာမသိတာမရှိ ကျွမ်းကျင်နေရပါမယ်... အတတ်ပညာရှိပြီး မကျွမ်းကျင်ရင် အောင်မြင်ဖို့မဖြစ်နိုင်ပြန်ပါ... နောက်တစ်ခုက စဉ်ဆက်မပြတ်အားထုတ်တတ်တဲ့ ဝီရိယ မပါရင်လည်း မအောင်မြင်မကြီးပွားနိုင်ပါဘူး... စိတ်ကူးပေါက်မှ ထထလုပ်တတ်တာ ဝီရိယရှိသူတွေလုပ်တတ်တဲ့အကျင့်မဟုတ်ပါ... နောက်တစ်ခုက လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ လိမ္မာပါးနပ်မှုရှိရပါမယ်... လိမ္မာပါးနပ်မှုမရှိပြန်ရင် အခစားဝန်ထမ်းဆိုရင် မြန်မြန်အလုပ်ပြုတ်၊ ကိုယ်ပိုင်လုပ်ငန်းဆိုရင်လည်း မြန်မြန်လုပ်ငန်းပြုတ်သွားနိုင်ကြောင်းပါခင်ဗျ... အခစားဝန်ထမ်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းရှင်ပဲဖြစ်ဖြစ် ပါးနပ်လိမ္မာမှုအတွက်က မာနကိုခဝါချလို့ လာသမျှအဆင်ချောအောင် လုပ်နိုင်ပါမှ လုပ်ငန်းတိုးတက်မှာဖြစ်ပါတယ်... ဒီလိုမှမဟုတ် လာသမျှ ငါကွ ငါ့ဘာထင်သလဲ လုပ်နေသမျှတော့ ပြုတ်ပြုတ်ပြုန်းလို့ ပရုတ်လုံးသာဖြစ်မှာဖြစ်နိုင်ပါကြောင်းရေးသားလိုက်ပါတယ်ခင်ဗျာ...


ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ 💖💖💖


@ansoe 22-May-2020(Friday)


HIVE LOGO ansoe myanmar.png