အားမလို အားမရ အတွေး

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


မနေ့က တစ်နေ့လုံးပြေးရ လွှားရနဲ့ Steemit လည်း ကောင်းကောင်းဝင်မကြည့်ဖြစ်၊ စာရေးဖို့ဆိုတာဝေးပါ သေးတယ်။ ဧည့်သည်တွေကို စစ်ကိုင်းက နာမည်ကျော် လူသိများတဲ့ ဘုရားစေတီတွေကို လှည့်ပတ် ဘုရားဖူး လိုက်ပို့၊ ၀ါလကင်းလွတ်ပြီဖြစ်တဲ့အတွက် စစ်ကိုင်းမြို့ရဲ့ ၀ါတွင်းဘုရားစဉ်မှာ နောက်ဆုံးပိတ်ဘုရားပွဲတော် ကို ထုံးစံအတိုင်း တစ်မြို့လုံး အုံးအုံးကျွက်ကျွက်နဲ့ ကျင်းပတဲ့အချိန်လည်းဖြစ်ပါတယ်။ တကယ်တော့ တစ်မြို့လုံးသာမကပါဘူး။ အနီးအနားက ကျေးရွာတွေ မြို့တွေကပါ လာရောက်ဆင်နွှဲကြတဲ့ ၀ါကျွတ်ဘုရားပွဲ တော်လည်းဖြစ်ပါတယ်။ ဒီတော့ စစ်ကိုင်းမြို့ရဲ့ အထင်ကရလမ်းမကြီးတွေမှာ လူတွေ ကားတွေနဲ့ ရှုတ်ရှုက်ကို ခတ်နေတာပါပဲ။ နောက်ဆုံးဘိတ် အိတ်နဲ့လွယ်ဆိုသလိုပါပဲ။ အလှူတော်ငွေအများဆုံးလည်း ရရှိတဲ့ စေတီတော်ကြီးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ပြည်သူတွေလည်း ငွေကြေးအတော်အကုန်အကျခံပြီး စတုဒီသာမဏ္ဍပ်တွေဆိုတာကတော့ အများအပြားပြုလုပ်ပြီး အလှူအတန်းပြုလုပ်ကြသလို စေတီတော်ကြီး သွားရာ လမ်းတစ်လျောက်မှာရှိတဲ့ ရပ်ကွက်တွေတိုင်းက အိမ်တွေကလည်း ထမင်းတွေကျွေးမွေးကြ၊ မုန့်ပဲသရေစာတွေကျွေးမွေးကြနဲ့ အလွန်စည်ကားနေလှပါတယ်။ အဲဒီလိုနေ့ရက်မျိုးမှာဆိုရင် နေ့စဉ်ခရီးသွားနေ ကြတဲ့ ယာဉ်တွေအပြင် ဘုရားပွဲတော်လာကြတဲ့ ယာဉ်တွေနဲ့ဆို လမ်းတွေမကြာခဏပိတ်သွားတတ်ကြပါတယ်။ လမ်းတစ်ခါပိတ်နေရင်လည်း နာရီနဲ့ချီပြီးကြာတတ်တော့ အချိန်လုအလုပ်လုပ်နေရတဲ့သူတွေအတွက် ဒုက္ခဖြစ် ရပါသေးတယ်။ ဒါပေမယ့် လူတွေကတော့ မပြတ်စည်းကားနေဆဲပဲ၊ ၀ါကျွတ်ပွဲကို ငွေကုန်ကြေးကျခံပြီး နှစ်စဉ် ကျင်းပမြဲဖြစ်ပါတယ်။ စေတီတော်ကြီးရဲ့ ဘွဲ့တော်ကတော့ တစ်နိုင်ငံလုံးသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ သိရှိနေပြီးသားဖြစ်တဲ့ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး ပဲဖြစ်ပါတယ်။ ကောင်းမှုတော်စေတီ ဘွဲ့ အမည်နဲ့ ထင်ရှားကျော်ကြားလှပါတယ်။ စေတီတော်ကြီးရဲ့ သမိုင်းကြောင်းတွေကိုတော့ မရေးတော့ပါဘူး။ ကောင်းမှုတော်စေတီကြီးရဲ့ ဘုရားပွဲတော်ကို နှစ်စဉ် နှစ်တိုင်း နှစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ ၀ါလကင်းလွတ် တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ တစ်ကြိမ်၊ တန်ဆောင်မုန်းလပြည့်နေ့မှာ တစ်ကြိမ် ကျင်းပပါတယ်။ ဧည့်သည်များအား လိုက်လံပို့ဆောင်ရင်း ရိုက်ကူးခဲ့တဲ့ ၀ါကျွတ်ပွဲဓာတ်ပုံလေးများကိုတော့ ကြည်ညိုနိုင်ဖို့အတွက် နောက်နေ့မှပဲ တင်ပေးလိုက်ပါမယ်။


02.png


04.png


ရေးသားလိုတာကတော့ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားပွဲအကြောင်းကိုရေးလိုတာတော့ မဟုတ်ပါဘူး။ ဧည့်သည်တွေကို ဘုရားဖူးလိုက်လံပို့ဆောင်ပေးရင်း မြင်ခဲ့တာတွေရဲ့ နောက်ဆက်တွဲ အတွေးလေးအချို့ကို ရေးသားလိုခြင်းသာဖြစ်ပါတယ်။ ကောင်းမှုတော်စေတီတော်ကြီးရဲ့ ဘုရားပွဲနဲ့ပတ်သက်တာတွေ သမိုင်းကြောင်း တွေကိုတော့ ဖတ်ရှုလိုသူတွေအနေနဲ့ အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ကြမှာဖြစ်ပါတယ်။ လူတွေအများကြီးကို မကြာခဏတွေ့နေပေမယ့်လည်း ကိုယ့်ရဲ့ စိတ်အခြေအနေပေါ်ကို မူတည်ပြီးတစ်ခါနဲ့တစ်ခါ အတွေးမတူတာကို သတိပြုမိပါတယ်။ စည်လိုက်တဲ့လူတွေ၊ ပျော်စရာကောင်းလိုက်တာ၊ ပေါလိုက်တဲ့ပိုက်ဆံတွေ ဆိုတာမျိုးတွေကို မကြာခဏ တွေးမိခဲ့ဖူးပါတယ်။ လူတိုင်းလည်း တွေးဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခါမြင်တဲ့အမြင်ကလည်း ပြောင်းလဲသွားတာပါပဲ။ အရာရာကိုရှုမြင်သုံးသပ်ကြတဲ့နေရာမှာလည်း ကိုယ့်ရဲ့စိတ်ခံစားမှုအခြေအနေပေါ်ကို မူတည်ပြီး ရှုမြင်တတ်၊ သုံးသပ်တတ်၊ ခံစားတတ်ကြတာကိုလည်း သတိရစေချင်ပါတယ်။ နိုင်ငံနဲ့လူမျိုးတွေကို တိုးတက်လိုတဲ့စိတ်က ဖုံးလွှမ်းနေလို့ပဲဖြစ်မလားမသိပါဘူး။ ဒါမှမဟုတ် ကိုယ့်မျက်ချေးကိုမမြင်ပဲ သူများမျက်ချေးကိုပဲမြင်ပြီး သူတစ်ပါးကို အပြစ်မြင်တတ်နေသလားဆိုတာတော့ ကိုယ်တိုင်ဆုံးဖြတ်ရခက်ပါ တယ်။ အားမလိုအားမရစိတ်လို့လည်း ခေါ်ချင်လည်း ခေါ်နိုင်မှာပါ။ သူတစ်ပါးကို အပြစ်သာမြင်တတ်တာမျိုး တော့ သိပ်မဖြစ်တတ်တော့ပါဘူး။ အကောင်း နဲ့ အဆိုးက ဒွန်တွဲနေတဲ့သဘာဝတရားဖြစ်နေတတ်လို့ အကောင်းတွေကိုချည်းပဲ လိုချင်နေလို့မရသလို မကောင်းတွေချည်းပဲ မြင်နေလို့လည်း မဖြစ်တတ်ဘူးဆိုတာ နားလည်လာခဲ့လို့လည်း ဖြစ်ပါတယ်။


03.png


ဘာကို မြင်ပြီး ဘာကိုတွေးမိခဲ့သလဲ? လူတွေစည်စည်ကားကားနဲ့ သွားလာလှုပ်ရှားနေကြတယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုစည်ကားလှတဲ့ ပွဲတော်တွေရှိကြတယ်။ သူများနိုင်ငံတွေကိုတော့ မရောက်ဖူးလို့ မသိပါဘူး။ ကျွန်တော်တို့နိုင်ငံက ပွဲတော်အတော်များများနဲ့ကြုံဆုံရတိုင်း မြင်တွေ့နေရတာကတော့ ကျွန်တော်တို့ လူမျိုးတွေ စည်းကမ်းမရှိတတ်ကြတာကို မြင်တွေ့နေခဲ့ရတာကများလှပါတယ်။ ပြုပြင်ချင်တယ် ပြောင်းလဲချင်တယ်ဆိုပြီး ကြွေးကြော်နေကြတာလည်း ကျွန်တော်တို့လူမျိုးတွေပါပဲ။ ပါးစပ်ကလေသံလေးတွေ နဲ့ပဲ ပြုပြင်နေကြတာဖြစ်လေတော့ စည်းကမ်းတကျမဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာလာခဲ့တဲ့တိုင်အောင် စိတ်ဓာတ်တိုးတက်၊ ကာယတိုးတက်မှုကတော့ မှုဒုံရင်း ဒုံရင်းပဲရှိနေသေးတာကို မြင်တွေ့နေရဆဲပဲဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကျွန်တော်ကိုယ်တိုင်ကရော ပြုပြင်ပါရဲ့လားလို့ မေးလာခဲ့မယ်ဆိုရင်တော့ ငယ်စဉ်ကတည်းက စည်းကမ်းဆိုတာတွေအတော်များများကို မဖောက်ဖျက်ခဲ့တတ်ပါဘူး။ တတ်နိုင်သလောက်တော့ ထိန်းသိမ်းလာ ခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်နဲ့အတူသွားတဲ့လူက စည်းကမ်းဖောက်နေရင်တောင် မနေတတ်မထိုင်တတ် ဖြစ်ခဲ့ရ ပါတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဖူး ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ကိုယ်တစ်ယောက်တည်းနဲ့ ဘာမှမဖြစ် လောက်ဘူးဆိုလေတော့ စည်းကမ်းက ဘယ်တော့တိုးတက်နိုင်ပါ့မလဲဆိုတဲ့ အားမလိုအားမရစိတ် တကယ်ဖြစ် မိပါတယ်။ ပွဲတော်တစ်ခုကျင်းပတယ်ဆိုရင် လမ်းပိတ်တတ်တာရဲ့ အဓိကပြဿနာက စည်းမရှိကမ်းမရှိနဲ့ ကိုယ်တစ်ဦးတစ်ယောက်တည်းသွားလာနိုင်ဖို့အတွက် လမ်းလုရာကနေ ပိတ်ဆို့မှုကြောင့် အချိန်တွေ ကြန့်ကြာ ကုန်ကြတာပဲဖြစ်တာကို တွေ့နေရပါတယ်။ ကိုယ့်တစ်ယောက်အတွက်နဲ့ လမ်းပိတ်သွားတာသာဖြစ်ပါတယ်။ အများကြောင့်လမ်းပိတ်နေတာမျိုးမဟုတ်တာကို မြင်ရပါတယ်။ လူအများဖြတ်သန်းနေချိန်မှ လေးဘေးကနေ လမ်းမပေါ်ကို နောက်ပြန်ဆုတ်လိုက်တဲ့ ယာဉ်တစ်စီးကို မစောင့်ဆိုင်းပဲ ဇွတ်တိုးလိုက်ကြတဲ့အခါ နောက်ဆုတ် နေတဲ့ယာဉ်လည်း လမ်းပေါ်မှာ ကန့်လန့်ဖြစ်ပြီး ဘာမှလုပ်မရ၊ ဖြတ်သန်းနေတဲ့ယာဉ်တွေလည်း တန့်သွားပြီး ဘယ်သူမှအကျိုးမရှိ စောင့်ဆိုင်းရတာဖြစ်တာမျိုးပဲဖြစ်နေပါတယ်။ အချိန်အလွန့်အလွန်ဆုံးစောင့်ရရင် (၅)မိနစ် လောက်ကို မစောင့်နိုင်တဲ့အတွက် လမ်းပေါ်မှာ နာရီချီကြာတဲ့တိုင်အောင် စောင့်ဆိုင်းကုန်ကြရပါတယ်။


05.png

ကိုယ့်လမ်းကြောအတိုင်း သွားနေကြမယ်ဆိုရင်ယာဉ်ပိတ်ဆို့မှုဆိုတာ အင်မတန်နည်းပါးပါလိမ့်မယ်။ ကိုယ့်လမ်းကြောအတိုင်းမလိုက်ပဲ အခြားလမ်းကြောရောက်တဲ့အထိနေရာယူကျော်တက်ကြလေတော့ အခြားလမ်းကြောက ယာဉ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ဘယ်မှ သွားမရဖြစ်တော့တာပါပဲ။ စောင့်ဆိုင်းနေရတဲ့အချိန်ကို စိတ်မရှည်လို့ ပြန်လှည့်သွားကြတဲ့ လူတွေလည်း အများအပြားပါပဲ။ ဒီလိုပြန်လှည့်သွားတဲ့အတွက် သူတို့တစ်တွေလည်း ကန့်လန့်ထပ်ဖြစ်တဲ့အပြင် လိုရာခရီးကို မရောက်နိုင်ကြတော့ပါဘူး။ ဒါက ဘာမှဟုတ်တဲ့ စည်းကမ်းမလိုက်နာ မှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ လမ်းပိတ်ဆို့မှုတစ်ခုသာဖြစ်တာကို ရေးကြီးခွင်ကျယ်လုပ်နေခြင်းမဟုတ်ပါဘူး။ အပေါ်မှာရေးခဲ့သလို နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဖူး ဆိုတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီလို နှမ်းတစ်စေ့လေးတွေပေါင်း တာကနေ ဆီဖြစ်တယ်ဆိုတာကို မေ့နေကြတယ်။ ယမ်းတစ်မှုန့်က ဗုံးမဖြစ်ပေမယ့် ဗုံးဖြစ်ဖို့အတွက် အဲဒီယမ်းမှုန့်လေးတွေ စုပေါင်းထားတာပါ။ ဒီတော့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်ကြီးကို တိုးတက်စေချင်တယ် ဆိုရင်တော့ နှမ်းစေ့ကလေးတွေကို စုဆောင်းရမှာဖြစ်ပါတယ်။ နှမ်းစေ့ကလေးတစ်စေ့တောင်မရှိပဲနဲ့တော့ ဆီဖြစ်ဖို့မျှော်လင့်နေရင်တော့ ရူးနေလို့ပဲဖြစ်ပါလိမ်မယ်။ လူတစ်ယောက်ရဲ့အားတစ်ခုတည်းက နိုင်ငံတော် တိုးတက်စေဖို့ဘာမှမဖြစ်စေနိုင်ပေမယ့် လူပေါင်းများစွာရဲ့ အားကတော့ တိုးတက်စေနိုင်မှာ ဖြစ်ပါကြောင်း အားမလိုအားမရစိတ်ဖြင့် ရေးသားရင်း ရပ်နားလိုက်ပါတယ်။

#myanmar #fullmon #festival #discipline


Photo : @ansoe(Soe Naing_Sagaing Thar)


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

25-Oct-2018 ကြာသပတေးနေ့(Thursday)