အားမာန်ပြည့်တဲ့ လူငယ်

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ကျွန်တော်အနေဖြင့် ရေးသားသောစာများတွင် လူငယ်များအား အသိဥာဏ်တိုးတက်စေလိုသောစိတ်ဖြင့် လူငယ်များအတွက် ဦးစားပေးရေးထားတာတွေကများမယ်ထင်တယ်။ ထင်တယ်မဟုတ်ပါ။ များကိုများနေမှာ ဖြစ်ပါတယ်။ လူငယ်တွေက အရေးကြီးကြလေတော့ လူငယ်တွေကိုပဲ ဦးတည်ရေးသားနေရပါတယ်။ ခေတ်အဆက်ဆက်မှာ လူငယ်တွေဆိုတာ အားမာန်အပြည့်နဲ့ပါ။ ဘယ်ခေတ် ဘယ်အခါမှာပဲဖြစ်ဖြစ် လူငယ်တွေကသာ နောင်တစ်ချိန်ဆိုတာကို ဦးဆောင်ကြရမှာဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ကာလဟာ နိုင်ငံရဲ့ အနာဂတ်ကာလဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ကောင်းမှ နိုင်ငံရဲ့ အနာဂတ်ကာလဟလည်း ကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ လူငယ်အများစုဟာ အားအင်အပြည့်ရှိကြ တယ်။ အားမာန်အပြည့်ရှိကြတယ်။ အဲဒီ အားမာန်တွေကို မှန်မှန်ကန်ကန်အသုံးချနိုင်ရေးက လူငယ်တွေကို မှန်မှန်ကန်ကန် အသိအမြင်တွေ မျှဝေပေးဖို့ အရေးကြီးတယ်လို့လည်းထင်ပါတယ်။ လူကြီးတွေမှာ မရိုးမသား စိတ်တွေများနေတတ်တာ၊ ကွေ့ကွေ့ကောက်ကောက်တွေလုပ်တတ်တာတွေ ရှိပေမယ့် လူငယ်ဘ၀မှာ အများစု ကတော့ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ် နေချင်ကြတတ်ပါတယ်။ နေတတ်ကြပါတယ်။ လူငယ်တွေက လူကြီးတွေထက် သတ္တိတွေပိုမိုရှိတတ်ကြတယ်။ လုပ်ရဲ ကိုင်ရဲတတ်ကြတယ်။ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ဖူးတဲ့ သူတိုင်း ဒါကို နားလည်နိုင်ပါလိမ့်မယ်။ ယနေ့လူကြီးတွေက တစ်ချိန်က လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်တဲ့အတွက် လူငယ်တွေက ဘယ်လိုစိတ်ရှိတယ်ဆိုတာကိုလည်း နားလည်ပေးနိုင်ပါလိမ့်မယ်။ အားမာန်အပြည့်ဆုံးအချိန်မှာ လူငယ်တွေကို အားကြိုးမာန်တက်နဲ့ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံရဲ့ အနာဂတ်ဟာ အင်အားအပြည့်နဲ့ ဖြစ်ပါလိမ့်မယ်။ လူငယ်တွေရဲ့အားမာန်တွေကို သင့်တော်တဲ့နေရာတွေမှာ ပါဝင်လုပ်ကိုင် ဆောင်ရွက်ခွင့်ရှိအောင် ယနေ့လူကြီးများက ခွင့်ပြုပေးရမှာဖြစ်သလို လက်တွဲခေါ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ကနေ့ လူငယ်တွေ မကောင်းဘူးလို့ပြောနေတာက ယနေ့လူကြီးတွေ မကောင်းတာကြောင့်ပဲလို့ ပြောရပါလိမ့်မယ်။


03.png


ကြာလာတော့လည်း ရေးနေတဲ့စာတွေက အပ်ကြောင်းထပ်နေလောက်ပါပြီ။ ယနေ့လူငယ်တွေသာမကပါဘူး။ ခေတ်အဆက်ဆက်မှာ လူငယ်ဆိုတာ အားမာန်အပြည့်နဲ့ ရှိနေကြတာပဲမဟုတ်လား။ ယနေ့လူကြီးတွေဟာ ပြန်လည်နုပျိုလာကြမှာ မဟုတ်ပါဘူး။ လူငယ်တွေဟာလည်း ယနေ့လူကြီးတွေနေရာမှာ ၀င်ရောက်အစားထိုး ကြရမှာပဲဖြစ်ပါတယ်။ ၀င်ရောက်အစားထိုးလာမယ့် လူငယ်တွေရဲ့ အသိဥာဏ်ပညာက နုံနဲ့နဲ့ ဆိုရင် ဘယ်လို အစားထိုးမလဲ။ ဘယ်လို လုပ်ငန်းတွေကို လုပ်ကိုင်နိုင်မလဲ။ လူငယ်တွေမှာ ပြည့်စုံဖို့လိုနေတာက အသိဥာဏ်နဲ့ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ အားအပြည့် မာန်အပြည့်နဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နိုင်တာက လူကြီးတွေ မဟုတ်ပါဘူး။ လူငယ်တွေပဲဖြစ်ပါတယ်။ အားအပြည့် မာန်အပြည့်နဲ့ အလုပ်လုပ်ကြမယ့် လူငယ်တွေကို လိုအပ်တဲ့ အသိဥာဏ်ပညာ နဲ့ အတွေ့အကြုံရရှိဖို့ကို ဖြည့်ဆည်းပေးရမှာက လူကြီးတွေရဲ့ တာဝန်သာဖြစ်ပါ တယ်။ လူငယ်တွေဆိုတာကတော့ သူတို့ မှန်တယ်ထင်ရင် အသိဥာဏ်နဲ့ စဉ်းစားဖြေရှင်းမနေပဲ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုသလို ဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ အသိဥာဏ်ရရှိဖို့အတွက်ကလည်း လက်ဦးဆရာများ ဖြစ်တဲ့ အမိ အဖတို့က သွန်သင်ဆုံးမ လမ်းညွှန်ပြရမှာပဲဖြစ်ပါတယ်။ ကျောင်းနေအရွယ်မှာ ဆရာဆိုတဲ့ ပုဂ္ဂိုလ်က သွန်သင်ဆုံးမ လမ်းညွှန်ပြရမှာဖြစ်ပါတယ်။ ယခုခေတ်ကာလကြီးကတော့ မိဘကလည်း ဘာမှသေချာမသိတော့ သေချာ သွန်သင် ဆုံးမလမ်းညွှန်နိုင်ခြင်းမရှိတော့သလို ဆရာများကလည်း မသိချင်ယောင်ဆောင်ပြီး စာသင်တဲ့အလုပ်လောက်ကိုပဲ လုပ်ကိုင်ကြပြီးတော့ သွန်သင်ဆုံးမ လမ်းညွှန်မပြကြတော့ပါဘူး။ စဉ်းစားကြည့်တာနဲ့တင် ဒီမြင်ကွင်းမျိုးကို မြင်ရတာ ၀မ်းနည်းစရာကောင်းလှ ပါတယ်။


04.png


သူများနိုင်ငံတွေကို အားကျစရာက အလုပ်ကိုစနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်ပြီး စည်းကမ်းစနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်ကြတာကို အတုယူသင့်ပါတယ်။ ဒါပေမယ့် ဘာမှ အသုံးမ၀င်တဲ့ အ၀တ်အစားဝတ် တာ အစားအသောက်စားတာတွေကို အားကျအတုယူနေတာ အနာဂတ်ရဲ့ အားမာန်ဖြစ်ရမယ်လူငယ်တွေရဲ့ အညွန့်ကျိုးဖြစ်စဉ်တစ်ခုလို့ မြင်မိပါတယ်။ အခြားနိုင်ငံတွေက ကိုယ့်နိုင်ငံကို လေးစားအားကျနေချိန်မှာ ကိုယ့်နိုင်ငံရဲ့ အဖိုးတန်တွေကိုပစ်ပြီး အခြားနိုင်ငံတွေရဲ့ အတုအယောင်တွေကို လိုက်လံအတုခိုးနေတာက အညွန့်ကျိုးစေတာပဲဖြစ်ပါတယ်။ လူတိုင်းနီးပါး ကြည့်တတ်ကြတဲ့ ကိုရီးယားဇာတ်ကားထဲမှာ လေ့လာကြည့်ပါ။ သူတို့နိုင်ငံရဲ့ ဘာမဟုတ်တဲ့ ဂင်ချီ ဆိုတဲ့အချဉ်ကို ရိုးရာအစားအစာတစ်ခုအနေနဲ့ ရှေ့တန်းတင်ထားတာကို မြင်ကြရပါမယ်။ အဲဒီဂင်ချီဆိုတာ ကျွန်တော်တို့ နိုင်ငံက နှမ်းဖတ်ချဉ်လောက်မှ ကောင်းမယ်မဟုတ်ပါဘူး။ သူတို့နိုင်ငံရဲ့ ငွေကြေး နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးဟာ အတူတူနီးပါးလောက်ပဲရှိတာကို သတိပြုမိပါတယ်။ သူတို့ဆီမှာ ပန်းသီးတစ်လုံးစားဖို့၊ အမဲသားတစ်တုံးစားဖို့ မလွယ်ကူတာကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ လမ်းဘေးကတောင်းစားနေတဲ့သူတောင်းစားတောင် ပန်းသီးတစ်လုံး၊ အမဲသားတစ်တုံးဝယ်စားဖို့ မခက်ခဲပါဘူး။ အဲဒါတွေက အားကျစရာမဟုတ်တာကို လူငယ်တွေ သိစေချင်ပါတယ်။ အားကျသင့်တဲ့အရာက အလုပ်အပေါ် မှာထားတတ်တဲ့စိတ်ဓာတ်မျိုး၊ သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာတွေကို လေးစားလိုက်နာတတ်တဲ့ စိတ်ဓာတ်မျိုးတွေကိုတော့ မျက်စိထဲမမြင်ကြပါဘူး။ ဒါက ဥပမာအနေနဲ့ ရေးခြင်းသာဖြစ်ပါတယ်။ ရေးမယ်ဆိုရင် အများကြီးရှိပါတယ်။ ကိုယ့်နိုင်ငံထက်သာတာ နည်းပညာကလွဲပြီး ဘာမှမရှိပါဘူး။


02.png


အနာဂတ်နိုင်ငံရဲ့ အားမာန်ဟာ လူငယ်တွေရဲ့ အားမာန်ကနေဖြစ်ပေါ်လာရမှာဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ် တွေကိုကြည့်ရင် အလုပ်ကို စိတ်ဝင်တစားရှိလာကြတာတွေ့ရတယ်။ သူတို့အရွယ်က ကိုယ်တွေမှာအလုပ်ကို စိတ်ဝင်တစားမရှိခဲ့ကြသေးဘူး။ လုပ်တော့လုပ်ချင်တယ်။ ဘာလုပ်ရမှန်းမသိဘူးဆိုတဲ့ ယောင်လယ်လယ် အတွေးလောက်ပဲရှိတယ်။ ယနေ့ခေတ်လူငယ်တွေကတော့ ခေါင်းဆောင်ပိုင်းဆိုင်ရာတွေမှာတောင် ၀င်ရောက် နေရာယူနေနိုင်တာကို တွေ့ရတော့ အားလည်းရမိတယ်။ သွန်သင်ဆုံးမပြီး လမ်းညွှန်ပေးနိုင်တဲ့မိဘတွေ အစားလည်း ၀မ်းလည်းသာမိတယ်။ သူတို့ရဲ့ မိဘတွေဆိုရင် ဘယ်လောက်များ ကျေနပ် ဂုဏ်ယူနေကြမလဲ ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။ တကယ်လမ်းပြသွန်သင်ဆုံးမနိုင်ရင် လူငယ်တွေဟာ အားမာန်အပြည့်နဲ့ လုပ်ရည်ကိုင်ရည်ရှိကြပါတယ်။ အတွေ့အကြုံဆိုတာမျိုးကလည်း အလုပ်က သင်ပေးသွားတယ်ဆိုတယ်မဟုတ်လား။ လုပ်ရင်းကိုင်ရင်းနဲ့ပဲ သင်ယူသွားကြရတာပဲမဟုတ်လား။ သူ့အလိုလို တော့ တတ်မြောက်သူ ရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဒါကို လူငယ်ဘ၀ကို ဖြတ်သန်းပြီးဖြစ်တဲ့ ယနေ့လူကြီးများက သိရှိပြီး လုပ်ငန်းခွင်မှာ လက်တွဲခေါ်ဆောင်ပြီး အတွေ့အကြုံကို ရယူစေသင့်ပါတယ်။ သင့်တော်ရာနေရာတွေ မှာ တာဝန်ယူခိုင်းစေတတ်ကြရမှာပါ။ လူငယ်တွေကို လမ်းမမှားစေဖို့အတွက်ကလည်း ငယ်စဉ်ကတည်းက မှန်ကန်တဲ့အသိဥာဏ်တွေကို တစ်ဆင့်ချင်းစီ သင်ကြားပေးသွားသင့်ပါတယ်။ မှန်ကန်တဲ့အသိဥာဏ်ရှိနေပြီ ဆိုရင် ဘီယာဆိုင်ထိုင်တိုင်းလည်း မပျက်စီးတော့ပါဘူး။ လမ်းပြသွန်သင်ဆုံးမနိုင်ခြင်းမရှိခဲ့ရင်တော့ ယနေ့ခေတ်ကာလမှာ ပျက်စီးစရာတွေက တစ်ပုံတစ်ပင် ကြိုဆိုနေတာ အမှန်ပါပဲ။ အသိမှားလို့ လမ်းမှားရောက် သွားသူ လူငယ်တွေမှာ အားမာန်ဆိုတာ နိုးပါလို့ပြောတော့မှာပါပဲ။ ဒီတော့ လူငယ်တွေရဲ့ အားမာန်ဆိုတာ နိုင်ငံအတွက် အရေးပါတဲ့ အားဆေးတစ်ခွက်ဖြစ်တဲ့အတွက် သူတို့ရဲ့ အားမာန်တွေ မဖြုန်းတီး မပျက်စီးစေဖို့ ယနေ့ခေတ်လူကြီးများက လက်တွဲခေါ်ဆောင်သင့်ပါကြောင်း အကြံပြုရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

19-Nov-2018 တနင်္လာနေ့(Monday)