အားလပ်ချိန်ကို အသုံးချပါ
အားလုံးသော မိတ်ဆွေများ မင်္ဂလာပါ
စာရေးပို့စ်တင်ဖို့ ခုရက်ပိုင်းမှာ အဆင်မချောဘူး။ ကိုဗစ်ရောဂါ ကူးစက်မှာကိုလည်း ကြောက်ရ၊ နေ့စဉ် မန်မန်မစားရမှာကိုလည်း ပူရ နဲ့ လောကလူ့ရွာ အပူတွေ မကုန်နိုင်ပဲကိုး။ နေ့စဉ်နေ့တိုင်း နံနက်ခင်းရဲ့ နေရောင်ခြည်ကို ပူပူလောင်လောင် မြင်တွေ့နေရခြင်းကလည်း ဪ ငါ သက်ရှိထင်ရှား ရှိဆဲပါကလား၊ ဘဝမကူးရှာသေးပါကလားလို့ စဉ်းစားမိတာကလည်း အကြိမ်ရေ မနည်းမနောရှိခဲ့ပြီ။ အဲလိုတွေးနိုင်တာကိုက လူ့ဘဝကြီးမှာရှင်သန်နေထိုင်ရဆဲဖြစ်လို့ ကျေးဇူးတင်ရသေး။
ကိုဗစ်ကာလကို ဖြတ်သန်းနေကြရတဲ့အချိန်မှာ ခါတိုင်းကိုဗစ်မဖြစ်တဲ့အချိန်ကာလတွေထက် အချိန်ပိုလေးတွေပိုလာသလိုရှိတယ်။ အချိန်ပိုလေးတွေကို အသုံးချတတ်ခဲ့မယ်ဆိုရင်ဖြင့် ကိုဗစ်အလွန်ကာလမှာ အမြတ်ထွက်နိုင်ဖွယ်ရှိမယ်။ ကိုဗစ်ကာလအတွင်း အားလပ်နေတဲ့အချိန်လေးတွေကို ပညာတစ်ခုခု၊ ဥစ္စာတစ်မျိုးမျိုး ကိုရနိုင်လိမ့်မလားပဲ။ ဘာမှလုပ်စရာမရှိရင့တော့ အားလပ်ချိန်လေးတွေမှာ စာအုပ်ဖတ်နေကြပါလို့တော့ တိုက်တွန်းလိုပါတယ်။ စာဖတ်လို့ ဘာအမြတ်ရမလဲမတွေးနဲ့။ စာဖတ်ရင် အတွေးအမြင် တိုးတက်လာနိုင်တာကတော့ သေချာပါတယ်။ ကျုပ်ကတော့ ပျင်းတာနဲ့ ရေသန့်ဗူးဟောင်းတွေနဲ့ လက်တည့်စမ်းပြီး စိုက်ပျိုးရေးလုပ်နေသဗျ 😁 ရေးချင်တာက များပေသော်ငြားလည်း ဆက်မရေးနိုင်တော့ပါ။
ကိုဗစ်ကင်းစင် ပြုံးပျော်ရွှင် လူတိုင်းကျန်းမာကြပါစေ....