ဝမ်းတစ်ထွာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Wan Ta Htwar.png


ရေးလိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီး မရေးခင်မှာ ကျွန်တော်စာရေးပုံကို နည်းနည်းလောက် ရှင်းပြချင်ပါတယ်။ ကျွန်တော်စာရေးတဲ့အခါမှာ စကားပြောသလိုတစ်မျိုး၊ စာလိုတစ်မျိုးရေးတတ်ပါတယ်။ ဒါပေမယ့် စကားပြောသလို ရေးရတာကို ပိုကြိုက်တဲ့အတွက် စကားပြောတဲ့အတိုင်း ရေးတင်တာက များနေတာကို နားလည်ပေးကြပါ။ စာလိုရေးမယ်ဆိုရင် အတော်ဂရုစိုက်ရလို့လည်း ဖြစ်ပါတယ်။ ကဲ ခေါင်းစဉ်နဲ့ ပတ်သက်တာလေး စရေးပါပြီ။ လောကသဘာဝ လူရယ်လို့ဖြစ်လာကြရတဲ့အခါမှာ စား ၀တ် နေရေးဆိုတာတွေကို ရှောင်လွဲမရပဲ ရှာဖွေကြ၊ ဖြည့်ဆည်းကြရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ရှာဖွေဖြည့်ဆည်းကြပေမယ့်လို့ အဲဒီ ၀မ်းတစ်ထွာဆိုတဲ့ သမုဒ္ဒရာကတော့ ပြည့်သွားတယ်လို့ မရှိတာများမယ်လို့ ထင်ပါတယ်။ စားရေး နဲ့ နေရေးကတော့ လူမှ မဟုတ်။ တိရစ္ဆာန်တွေလည်း ရှာဖွေနေထိုင်ကြရတာပါပဲ။ ထားပါတော့ အဲဒီအကြောင်းမပြောတော့ပါဘူး။ လူတွေရဲ့ ၀မ်းတစ်ထွာအကြောင်းပဲ ဆက်ရေးပါမည်။ လူတို့ရဲ့ ၀မ်းတစ်ထွာအတွက် ရှာကြဖွေကြတဲ့နေရာမှာ အချို့လူတွေက မှန်မှန်ကန်ကန်နဲ့ ရှာကြဖွေကြပေမယ့် အချို့သော လူတွေကတော့ ငွေရပြီးရောဆိုသောနည်းဖြင့် မမှန်မကန်ပြုလုပ်ရှာဖွေတတ်ကြပါတယ်။ ဒါကို ကျွန်တော်အနေနဲ့ ပြောကြားခြင်းမဟုတ်ပဲ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်က မိန့်ကြားထားခဲ့ခြင်းသာဖြစ်ပါတယ်။ ဘုရားကိုယ်တိုင်မိန့်ကြားခဲ့တာဖြစ်တယ်ဆိုခြင်းကြောင့် ၀မ်းတစ်ထွာအတွက် မမှန်မကန်နည်းနဲ့ ငွေရှာဖွေသူ နဲ့ မှန်မှန်ကန်ကန်နည်းနဲ့ ငွေရှာသူဆိုတာက ခုခေတ်ကာလမှာမှ ထူးထူးခြားပေါ်ထွက်လာတာမဟုတ်ကြောင်း သိနိုင်ပါတယ်။ ဒီတော့ ၀မ်းတစ်ထွာအတွက် ငွေရှာကြသူတွေဟာ ခေတ်အဆက်ဆက်မှာ မမှန်မကန်နဲ့ ငွေရှာသူရော မှန်မှန်ကန်ကန်ငွေရှာသူရော ရှိခဲ့တယ်ဆိုတာ ငြင်းစရာမလိုပါဘူး။


wan ta htar 3.png


လူတို့ရဲ့ ၀မ်းတစ်ထွာကို ဖြည့်တင်းရန်အတွက် သမုဒ္ဒရာလောက်ကျယ်ဝန်းတဲ့အရာတစ်ခုကို ဖြည့်တင်းရတာနဲ့ တူနေတတ်လို့ သမုဒ္ဒရာ ၀မ်းတစ်ထွာရယ်လို့ သမုတ်ခဲ့ကြ ခေါ်ဆိုခဲ့ကြတယ်ထင်ပါတယ်။ အဲဒီလိုဖြည့်တင်းကြ ရာမှာ မှန်မှန်ကန်ကန်ဖြည့်တင်းဖို့ ကြိုးစားကြသူများလည်း အများအပြားရှိကြပါတယ်။ ဒါပေမယ့် အဲဒီလို မှန်မှန် ကန်ကန်နဲ့ ၀မ်းတစ်ထွာကို ဖြည့်တင်းကြသူအများစုကတော့ ဆင်းဆင်းရဲရဲနဲ့ လူ့လောကြီးကို ဖြတ်သန်းသွား နေကြရတာ ယနေ့ခေတ်တိုင် မြင်နိုင်ဆဲပဲဖြစ်ပါတယ်။ တစ်ထွာသာသာလောက်ပဲရှိတဲ့ ဒီဝမ်းတစ်ထွာကို နေ့စဉ် နေ့တိုင်း အချိန်နဲ့အမျှ ဖြည့်တင်းနေကြပေမယ့် ဘယ်တော့မှလည်း ပြည့်သွားတယ်လို့ကို မရှိခဲ့ပါဘူး။ ပြည့်လည်း ခဏတာပဲဖြစ်ပြီး အချိန်ပိုင်းလေးအတွင်းမှာပဲ ပြန်ဖြည့်တင်းကြရတာပဲမဟုတ်လား။ ပြီးဆုံးတယ်ရယ်လို့မရှိတဲ့ ၀မ်းတစ်ထွာအတွက် နေ့စဉ်နဲ့အမျှ ရှာကြဖွေကြ ရုန်းရ ကန်ရနဲ့ပဲ ဘ၀တစ်ခုကို ချုပ်ငြိမ်းသွားတတ်ကြပါတယ်။ မှန်ကန်တဲ့အလုပ်နဲ့ ၀မ်းစာဖြည့်တင်းတဲ့သူတွေအဖို့ သံသရာအတွက်ကောင်းနိုင် မှာဖြစ်တာက ယုံမှားစရာလုံးဝမရှိပါဘူး။ ဒါပေမယ့်လည်း မှန်မှန်ကန်ကန်နဲ့ ၀မ်းစာဖြည့်တင်းကြတဲ့သူတွေက လက်ရှိ မျက်မှောက်ဘ၀မှာတော့ မမှန်မကန်ဝမ်းစာဖြည့်တင်းကြသူတွေလောက် ငွေကြေးဥစ္စာပစ္စည်းတွေ ပြည့်စုံနိုင်မှာမဟုတ်။ စည်းစိမ်တွေခံစားနေကြရမှာမဟုတ်တာကလည်း ယုံမှားစရာမရှိပါ။ လူအဖြစ် အသက်ရှင် နေထိုင်စဉ်ကာလအတွင်းမှာ ငွေကြေးဆိုတာ ဒုတိယဘုရားသခင်လို့ဆိုနိုင်လောက်အောင် တန်ခိုးကြီးထွားတတ်လေတော့ မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းမှုနဲ့ ၀မ်းစာရှာဖွေသူတွေအတွက်တော့ ဒုတိယဘုရားသခင်ကို ပိုင်ဆိုင်နိုင်ဖို့ အလွန်ခက်ခဲသွားတတ်ပါတယ်။ သို့သော်လည်း သံသရာခရီးသွားတွေ ဖြစ်တဲ့အတွက်တော့ နောင်ဖြစ်လေရာဘ၀အတွက်တော့ ကောင်းမွန်တဲ့ အခြေအနေနဲ့ ခရီးသွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။


wan ta htar 2.png


ဝမ်းတစ်ထွာအတွက် လိမ်ရမလား၊ ညာရမလား၊ အတုတွေထုတ်လုပ်ရမလား ဘာပဲလုပ်ရ လုပ်ရ ၀မ်းပြည့်ဖို့ အရေးကြီးတယ်ဆိုတဲ့ ခံယူချက်နဲ့ ရပ်တည်နေတဲ့သူတွေလည်း ရှိနေပါတယ်။ ရှိနေအုံးမှာပါပဲ။ ဒီလိုလူတွေအတွက် ကတော့ မျက်မှောက်ဘ၀မှာ အင်မတန် သာသာယာယာနဲ့ ဒုတိယဘုရားသခင်ကို လက်ထဲကိုင်ပြီး လုပ်ချင်ရာလုပ်၊ စိတ်သွားတိုင်း ကိုယ်ကနောက်ကပါတတ်စမြဲဖြစ်ပါတယ်။ စိတ်သွားတိုင်း ကိုယ်ကနောက်ကပါတတ်တော့ မာန်မာနတွေကလည်း မိုးထိထောင်မြဲသဘာဝပဲဖြစ်ပါတယ်။ မဟုတ်တာ မမှန်တာကို ရှက်စရာတစ်ခုရယ်လို့ မခံယူတဲ့အပြင် နောင်သံသရာခရီးအတွက် ကြောက်စရာလို့လည်း မှတ်ယူထားခြင်း မရှိတတ်ကြပါဘူး။ ဒီတော့ သူများသားမယားကို ကျူးလွန်ဖို့ ၀န်မလေးသလို၊ သူတစ်ပါးကို ဒုတိယဘုရားသခင်ကိုလက်ကကိုင်ပြီး မတရားသဖြင့် အနိုင်ကျင့်နှိပ်စက်ဖို့လည်း ၀န်လေးနေလိမ့်မယ်မဟုတ်။ သူတစ်ပါးအသက်ကို သတ်ရဖြတ်ရမှာလည်း လက်တွန့်နေကြလိမ့်မယ်မဟုတ်။ ကုန်ကုန်ပြောမယ်ဆိုရင် ဘယ်နိုင်ငံမှာမှ မရှိတဲ့ ရတနာသုံးပါး၊ အနန္တော အနန္တငါးပါးဆိုတာတွေကိုတောင် မျက်စိထည့် ထည့်ထား လိမ့်မယ်မဟုတ်တဲ့အတွက် ဆရာသခင်၊ မွေးသမိခင်၊ မွေးသဖခင်ဆိုတာတွေကိုလည်း ဂရုစိုက်နေကြလိမ့်မယ် မဟုတ်ဘူးလို့ ယူဆပါတယ်။ နာမည်ကျော်ဇောဖို့အတွက် ဆည်းကပ်ကောင်းဆည်းကပ်ပါလိမ့်မယ်။ သူတို့အကျိုးအတွက်ဆိုရင် သားသမီး၊ သားမယား၊ အမိအဖ၊ ဆရာသမားမရှောင် နင်းချဖို့ နောက်တွန့်နေမယ့် လူစားမျိုးတွေမဟုတ်ဘူးလို့လည်း ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ အရှက်တရား နဲ့ အကြောက်တရား ဆိုတာ ရှိမှ မရှိတော့အတွက်ပဲ ဖြစ်ပါတယ်။ အရှက် နဲ့ အကြောက်ဆိုတာ လောကကို စောင့်ရှောက်နေတဲ့ လောကပါလ တရားကြီးဆိုလေတော့ အဲဒီတရားနှစ်ပါးကို လက်လွတ်ထားပြီ ဆိုမှတော့ ဘယ်ကလာပြီး လောကကြီး အေးချမ်းနိုင်ပါ့မလဲ။ စဉ်းစားကြည့်ပေါ့ဗျာ။


wan ta htar 1.png


လောကမှာ လူရယ်လို့ဖြစ်လာရင် လောကပါလတရားဖြစ်တဲ့ အရှက် နဲ့ အကြောက် တော့ရှိရမှာဖြစ်ပါတယ်။ အရှက် နဲ့ အကြောက်ဆိုလို့ အရှက် လို့ ဆိုတဲ့နေရာမှာ မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေကို ကျူးလွန်ဖို့အတွက် ရှက်တတ်တာကို ဆိုလိုတာဖြစ်ပြီး အလကားနေရင်း ဟိုဟာလည်းရှက် ဒီဟာလည်းရှက်ဆိုတာကိုမဆိုပါဘူး။ ကျန်းမာရေးနဲ့ပတ်သက်လာရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်ကို မရှက်သင့်သလိုပဲပေါ့။ အကြောက်ဆိုတာ လည်း တွေ့ကရာမြင်ကရာ ကြောက်ရမယ်လို့ဆိုလိုတာမဟုတ်ပဲ မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေကို လုပ်ရင် သံသရာမှာ ဒုက္ခရောက်ပြီး မကောင်းတဲ့ ဘုံဘ၀တွေမှာ ကျရောက်ခံစားရတတ်တယ်ဆိုတာကို သတိနဲ့ဆင်ခြင်ပြီး ကြောက်တာကို ဆိုလိုတာပဲဖြစ်ပါတယ်။ အသိ သတိမပါတဲ့ ကြောက်ခြင်းကို မဆိုပါဘူး။ ဒီတော့ လက်ရှိတစ်ဘ၀ ၀မ်းတစ်ထွာပြည့်ဖို့အတွက် မကောင်းမှုတွေလုပ်ပြီး ဆေးကိုလည်း အတုထုတ်၊ ငွေကို လည်းအတုထုတ်၊ ဆီကိုလည်း အတုလုပ်၊ သူ့အသက်ကိုလည်း သတ်ဖြတ်၊ သေရည် သေရက်နဲ့ လူတွေကို နှစ်စဉ်သတ်ဖြတ်နေတဲ့ လူဖြစ်သင့် မဖြစ်သင့် စဉ်းစားသင့်ပါတယ်။ နှစ်စဉ် လူသားတွေကို သေစေနိုင်တဲ့ လူသတ်သမားတစ်ယောက်အဖြစ် ၀မ်းတစ်ထွာ မဖြည့်တင်းသင့်ဘူးလို့ ထင်ပါတယ်။ အဲဒီလိုမမှန်မကန် နည်းနဲ့ ၀မ်းတစ်ထွာဖြည့်တင်းခဲ့ရင်လည်း အမှန်တကယ် စိတ်ရဲ့ အေးငြိမ်းမှုကို ရမယ်လို့ မထင်ပါဘူး။ မှန်မှန်ကန်ကန် နည်းလမ်းတွေနဲ့ တစ်ဘ၀တာ ၀မ်းတစ်ထွာအတွက် ဖြည့်တင်းရင်း ဒုတိယဘုရားသခင်ကို ပိုင်ပိုင်နိုင်နိုင် မချုပ်ကိုင်နိုင်ရင်နေပါစေတော့။ သံသရာလမ်းမှာ ဖြောင့်ဖြူးအေးငြိမ်းဖို့အတွက် ဒီတစ်ဘ၀တော့ သည်းခံ လျှောက်လှမ်းလိုက်သင့်ပါတယ်။ ၀မ်းတစ်ထွာ ဖြည့်တင်းဖို့အတွက် မှန်မှန်ကန်ကန်နဲ့ ဘ၀ရပ်တည်နိုင်သူများ ဖြစ်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

21-5-2019 အင်္ဂါနေ့(Tuesday)