ဝါကျွတ်ချိန်ခါ ရောက်ခဲ့သမျှ မှတ်တမ်းအချို့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
မနေ့က သောကြာနေ့ ဖြစ်ရာ မနက်ဖြန်သည် တနင်္ဂနွေနေ့ဖြစ်လတ္တံ။ သို့ဖြစ်ရာ ယနေ့သည်ကား ကမ္ဘာ့ စနေနေ့ပင် ဖြစ်ပေသည်။ မနက်ဖြန် တနင်္ဂနွေနေ့တွင် ပရိုမိုးရှင်းတစ်ရက်နားသည်ဖြစ်ရာ စနေ့နေ့မှာ တော့ လွတ်လွတ်လပ်လပ် တင်လိုက်ပါသည်။ အခြားအရာများတော့ မဟုတ်မူပဲ ၀ါကျွတ်ကာလဖြစ်သော သီတင်းကျွတ်ချိန်ခါတွင် မရောက်ဖြစ်ကြ မတွေ့ဖြစ်ကြတာ ကြာမြင့်ပြီဖြစ်သော အမျိုးအဆွေတို့ လာရောက်လည်ပတ်သည်ဖြစ်ရာ ကျွန်ုပ်က အိမ်ရှင်အနေဖြင့် ဇေယျာရွှေမြေရဲ့ အထင်ကရ စေတီတော်များအား ဖူးမျှော်ကြည်ညိုနိုင်ကြစေရန်အတွက် သူတို့စားရိတ် သူတို့စားကာ ကိုယ့်စားရိတ်အား သူတို့ခံခိုင်းခြင်းဖြင့် စရိတ်ငြိမ်း လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။(အထက်ပါ စရိတ်ငြိမ်းခရီးစဉ်အား စိတ်ဝင်စားသည်ဆိုပါက ကျွန်ုပ်ထံသို့ ဆက်သွယ်နိုင်ပါသည်) ထိုသို့လိုက်ပါပို့ဆောင်ပေးခဲ့စဉ်မှာ ရောက်ရှိခဲ့တဲ့ နေရာအချို့အား မှတ်တမ်းအဖြစ် လက်စွဲတော် ဖုန်းလေးဖြင့် မှတ်တမ်းတင်ယူခဲ့ပါသည်။ ထို ဓာတ်ပုံ နှင့် ဗီဒီယိုဖိုင်တစ်ဖိုင်ကို ချစ်စွာသော မိတ်ဆွေအပေါင်းတို့အား အပြင်းပြေ ငွေကုန်ခံကာ ကြည့်ရှုပေးပါနိုင်ပါရန်အတွက် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ ဗီဒီယိုဖိုင်အား တင်လိုက်သဖြင့် ကျွန်ုပ်သည်လည်း ငွေအတော်ကုန်သွားခဲ့ပေသည်။ သို့အတွက် ငွေကုန်ခံကာ တင်ပေးခဲ့ခြင်းဖြစ်သည့်အတွက် ငွေကုန်ခံအားပေးမည်ဆိုပါက အထူး အထူး ကျေးဇူးအထူး တင်ရှိပါသည်။
ဝါလကင်းလွတ်သီတင်းကျွတ်ကာလသည် ဇေယျာရွှေမြေ စစ်ကိုင်းမြို့ရဲ့ ၀ါတွင်းဘုရားစဉ်များအနက်မှ နောက်ဆုံးပိတ် ဘုရားစဉ်ဖြစ်တဲ့ “ရာဇမဏီစူဠာ ကောင်းမှုတော်” မြတ်စွာဘုရားကြီးရဲ့ ပွဲတော်ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းမှုတော် မြတ်စွာဘုရားအား ဧည့်သည်တော်များအား အရင်ဦးဆုံး လိုက်လံ ပို့ဆောင်ပေးခဲ့ပါသည်။
စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်
အထက်ပါ ရုပ်ပွားဆင်းတုတော်သည် ထူးဆန်းစွာဖြင့် 1989 ခုနှစ်တွင် လက်တော်တစ်ချောင်းပွားလာကြောင်းကို ဖူးမျှော်ကြရပါသည်။
အမျိုးအဆွေများအား ကောင်းမှုတော်စေတီတော်မှအပြန်တွင် လမ်းတစ်လျှောက် စေတီတော်သို့ ဆွမ်း ပန်း ရေချမ်း ဆီမီး နှင့် အလှူတော်ငွေများ ကပ်လှူပူဇော်ကြသည့် ရပ်ကွက်အသီးသီး ကျေးရွာအသီးသီးတို့မှ ဧည့်ခံမှုများအား ကြည့်ရှုစေခဲ့ပါသည်။ မြို့နှင့် ကောင်းမှုတော်သည် (၇)မိုင်နီးပါးရှိမည်ဖြစ်ပါသည်။ ထိုခရီးအား ခြေလျင်လျှောက်ကာ ဆွမ်း ပန်း ရေချမ်း ဆီမီး အလှူတော်ငွေများ သွားရောက်ကာ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းပူဇော်ကြခြင်းဖြစ်ပါသည်။
စစ်ကိုင်းတောင်ရိုး မင်းကွန်းဒေသ
စေတီကြီး
ခြင်္သေ့ကြီး
မြသိန်းတန်စေတီ
တတိယအနေနဲ့ စစ်ကိုင်းတောင်းရိုး မင်းကွန်းဒေသကို လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ လမ်းတွင် ကားများကျပ်နေသည့်အတွက် မထင်မှတ်ပဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်းကို မကြာခင်ကပင် ပို့စ်တင်ရေးသားခဲ့ပါသေးသည်။ ခေါင်းလောင်းကြီးအား ရိုက်ကူးခဲ့သော်လည်း မတင်တော့ပါ။ ရေကန်ကြီးသည် သီးသန့်နေရာတွင် တည်ရှိနေသောကြောင့် အချိန်နှောင်းကာ ဓာတ်ပုံမရိုက်ကူးနိုင်ခဲ့ပါ။ နောက်များကြုံလျှင် မင်းကွန်းဒေသ၏ ကြီးလေးကြီးအား ပြည့်စုံစွာ ပြန်လည် တင်ပေးချင်ပါသေးသည်။
မန္တလေးမြို့၊ မဟာလောကရံသီ အိမ်တော်ရာ စေတီတော်
မင်းကွန်းဒေမှအပြန်တွင် ကျွန်ုပ်နေထိုင်ရာအိမ်ဂေဟာတွင် ရေချိုး ထမင်းစားစေပြီးလျှင် အမျိုးများသည် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ရာ လမ်းမကျွမ်းကျင်သဖြင့် မန္တလေးသို့ စီးတော်ဆိုင်ကယ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ရပါသည်။ ထိုသို့လိုက်လံပို့ဆောင်ရာ အမျိုးများ တည်းခိုရာနေရာသည် အိမ်တော်ရာ စေတီတော်၏အနီးတွင်ဖြစ်သောကြောင့် ကုသိုလ်ရရန်အလို့ငှာဆွေမျိုးများအား အိမ်တော်ရာစေတီတော်သို့ ဘုရားဖူးပို့ဆောင်ပေးခဲ့ပါသည်။ နိဗ္ဗာန်လမ်းကြုံ လိုက်သည့်အနေဖြင့် သူတစ်ပါး လှူဒါန်းနေသော ဆီမီးများအား ၀င်ရောက်ပူဇော်ခြင်းဖြင့် ကုသိုလ်ထပ်မံ အမြတ်ထုတ်ရယူနိုင်ခဲ့ပါသည်။ ပြုပြုသမျှ ကောင်းမှုကုသိုလ်တို့အတွက်လည်း အမျှကုသိုလ်မျှဝေပါသည်။ သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ။ အိမ်တော်ရာစေတီတော်တွင် အားရအောင် ဆီမီးပူဇော်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများအားပြုလုပ်ပြီး ည(၉)နာရီခန့်တွင် အမျိုးများအား တည်းခိုရာနေရာသို့လိုက်လံပို့ဆောင်ပေးခဲ့ပြီး နှုတ်ဆက်ကာ အိမ်တော်ဂေဟာသို့ ပြန်ခဲ့လေသတည်း။ ဗီဒီယိုတင်ပေးရန်ဖြစ်သော်လည်း ဖိုင်ဆိုဒ်ကြီးနေသည့်အတွက် တင်မပေးလိုက်တော့ပါဘူးဗျာ။ ဓာတ်ပုံလေးတွေကိုကြည့်ပြီးကျေနပ်နိုင်ကြပါစေ။
ရေးသားသူ(Author) နှင့် ဓာတ်ပုံ(Photo)___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
27-Oct-2018 စနေနေ့(Saturday)